ငဖဲ ၂၈ မေ
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပေါင်းကလေးကျေးရွာအုပ်စု အောင်ပင်လယ်ကျေးရွာတွင် ဒေသခံပြည်သူများ ၂၄ နာရီအချိန်ပြည့် လျှပ်စစ်မီးအသုံးပြုနိုင်စေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အောင်ပင်လယ်ကျေးရွာတွင် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းအား ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာ ဖွံ့ဖြိုးရေး (VDP)စီမံကိန်းမှ ငွေကျပ် ၁၀ သန်း ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာပြည်သူလူထုမှ ငွေကျပ် ၁ ဒသမ ၃၂၄၄ သန်း စုစုပေါင်းငွေကျပ် ၁၁ ဒသမ ၃၂၄၄ သန်းဖြင့် အရှည်ပေ ၃၅၀၀ ရှိ ၄၀၀ ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းအား မတ်လ ဒုတိယပတ်မှစတင်၍ အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိရာ ယခုအခါ ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ အောင်ပင်လယ်ကျေးရွာရှိ အိမ်ခြေ ၈၅ အိမ် လူဦးရေ ၃၀၆ ဦးအား အကျိုးပြုသွားမည်ဖြစ်ပါကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်း ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အောင်ပင်လယ်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အနေဖြင့် ရေပေးရေးလုပ်ငန်း ၁ ခု၊ မီးလင်းရေးလုပ်ငန်း ၇ ခုနှင့် ဘက်စုံသုံးခန်းမ ၄ ခု စုစုပေါင်း လုပ်ငန်း ၁၂ ခုတို့အား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူများ ထည့်ဝင်ငွေ စုစုပေါင်းငွေကျပ် ၁၅၀ ဒသမ ၃ သန်းကျော်ဖြင့် မတ်လ ဒုတိယပတ်မှ စတင်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ပါတယ်" ဟု ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင် က ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


