ညောင်တုန်း  ၂၈ မေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလတွင် ကျေးလက်ဒေသရှိ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ကိုင်သူများ မိမိတို့မွေးမြူထားသော တိရစ္ဆာန်များ အသေအပျောက်ကင်းပြီး မွေးမြူရေးလုပ်ငန်းများမှ အကျိုးအမြတ်ရရှိစေရန် ရည်ရွယ်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်ဝမ်းကျရောဂါကာကွယ်ဆေးနှင့် ကြက်လည်လိမ် ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျောင်းစုကျေးရွာအုပ်စုနှင့် မဲဇလီရွာဟောင်းကျေးရွာအုပ်စုတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထို့သို့ဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ဌေးနိုင်က မြို့နယ်အတွင်း ဝက်များနှင့် ကြက်များတွင် ဖြစ်ပွားလေ့ရှိသော ဝက်ဝမ်းကျရောဂါနှင့် ကြက်လည်လိမ်ရောဂါတို့ ဖြစ်ပွားမှုလျော့ချရန်၊ မွေးမြူရေးလုပ်ကိုင်သူများ မွေးမြူထားသည့် ဝက်နှင့် ကြက်များ၏ မျိုးပွားနှုန်း၊ ကြီးထွားနှုန်း၊ ထုတ်လုပ်မှုများ လျော့ကျ မသွားစေရန်တို့အတွက် ယခုလို ကျေးရွာများသို့ကွင်းဆင်းပြီး ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးနှင့် ကြက်လည်လိမ်ရောဂါကာကွယ်ဆေးတို့ကို အခမဲ့ထိုးနှံပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါ ဝက်ဝမ်းကျရောဂါကာကွယ်ဆေးနှင့် ကြက်လည်လိမ်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး ခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ဌေးနိုင်နှင့် ဝန်ထမ်းများက ကျောင်းစုကျေးရွာအုပ်စုနှင့် မဲဇလီရွာဟောင်းကျေးရွာအုပ်စုအတွင်းရှိ အရွှဲဝဲဒေါင့်ကျေးရွာ၊ သတိကျေးရွာ၊ ဖိုးငိုစုကျေးရွာနှင့် ရွှေလွန်းစုကျေးရွာတို့ရှိ မွေးမြူရေးလုပ်ကိုင်သူများ၏ ဝက်နှင့် ကြက်တို့အား ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့ပြီး မွေးမြူရေးလုပ်ကိုင်သူများအား အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)