မင်းဘူး ၂၈ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ယမန်နေ့ညနေ ၅ နာရီခွဲက မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် လူနေအိမ် ၂ လုံးပြိုလဲကာ ၂၆ လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စကုမြို့ အမှတ်(၃)ရပ်ကွက်တွင် နေအိမ်တစ်လုံး ပဒေသာကျွန်းကျေးရွာတွင် နေအိမ်သုံးလုံး၊ ကျောက်စံကျေးရွာတွင် ပြိုလဲနေအိမ်တစ်လုံးနှင့် အမိုးလန်နေအိမ်သုံးလုံး၊ ကံသစ်ကျေးရွာတွင် နေအိမ်ဆယ်လုံး၊ မင်းရွာကျေးရွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ပေါက်ငူကျေးရွာတွင် နေအိမ်နှစ်လုံး၊ ပေါက်လေးပင်ကျေးရွာတွင် နေအိမ်နှစ်လုံး၊ ခြင်ထောင်ကျေးရွာတွင် နေအိမ်သုံးလုံး၊ ကဒီးကျေးရွာတွင် ပြိုလဲနေအိမ်တစ်လုံးနှင့် ရွာသစ်ကုန်းကျေးရွာတွင် နေအိမ်နှစ်လုံးတို့ အမိုးလန်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်အိမ်ထောင်စုများအား ကူညီထောက်ပံ့နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများက ပြန်လည်ပြုပြင်နိုင်ရေးကို အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


