ပူတာအို   ၂၈  မေ 

  

ကချင်ပြည်နယ်၊ ပူတာအိုမြို့ မြို့မရပ်ကွက် ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးနှင့် ပြန်/ဆက်ရုံးကြားတွင် ယနေ့နံနက် ၆ နာရီခန့်က အောက်ခြေမခိုင်သော သစ်ပင်တစ်ပင် ကတ္တရာလမ်းမပေါ်သို့ လဲကျမှုကြောင့် နာရီပိုင်းလမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရာ အဆိုပါလမ်းပိတ်ဆို့မှုများကို မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လုံးပတ်လေးပေခန့်ရှိ အော်ရေးရှားသစ်ပင်သည် အောက်ခြေမခိုင် ရေသောက်မြစ်များ ဆွေးမြေ့ခြင်းကြောင့် ကတ္တရာလမ်းမပေါ်သို့လဲကျခဲ့ခြင်းဖြစ်ပြီး ယင်းသစ်ပင်လဲကျမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် ယာဉ်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ထိုသို့ လမ်းပိတ်ဆို့မှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ပူတာအိုမြို့နယ်မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူး ဦးတိတုနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဦးဇော်မင်းလွင် တို့ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက နံနက်(၆)  နာရီခွဲမှစတင်၍ မော်တော်ယာဉ်များနှင့် လမ်းသွားလမ်းလာများ ပုံမှန်အတိုင်းသွားလာနိုင်ရေးအတွက် ချိန်းဇောများဖြင့် ခုတ်ထွင်ရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ နံနက်(၇)နာရီတွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)