ရန်ကုန်  ၂၈  မေ

 

အိန္ဒိယ၏ ပဲတင်သွင်းမှု မူဝါဒအပြောင်းအလဲကြောင့် မတ်ပဲ တန်ချိန်လေးသိန်းကို အချိန်သုံးလအတွင်း အပြီးတင်သွင်းရမည်မှာ မဖြစ်နိုင်သည့်အပြင် ပြည်တွင်းမှာလည်း ပဲအလုံအလောက် မရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

အိန္ဒိယအစိုးရအနေဖြင့် ယခင် ပြည်ပမှ တင်သွင်းမည့် မတ်ပဲ တန်ချိန် လေးသိန်းကို လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း အပြီးတင်သွင်းရမည်ဟု ကြေညာခဲ့သော်လည်း မေလ ၂၂ ရက်ကမူ အချိန်သုံးလအတွင်း အပြီးတင်သွင်းရမည်ဟု အသိပေးစာ ထုတ်ပြန်၍ မူဝါဒထပ်မံ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

 

"မူဝါဒအပြောင်းအလဲ အရမ်းမြန်တဲ့အပေါ်မှာ ကုန်သည်ရော ပြောရင်တော့ အဓိက ကျွန်တော်တို့ နိုင်ငံက စိုက်ပျိုးတဲ့တောင်သူရော အာမခံချက် အရမ်းနည်းတာပေါ့၊ စိုက်ပျိုးတဲ့ဟာမှာ အခုသူတို့ဝယ်မယ်ပြောပြီးကာမှ အကယ်၍ အခုလိုမျိုး မဝယ်ဘူး၊ မပြုဘူး မူဝါဒအပြောင်းအလဲ လုပ်ရင် ပိုပြီး ရှုပ်ကုန်မှာပေါ့"ဟု ဦးမင်းကိုဦး ကပြောသည်။

 

လက်ရှိ ပြည်တွင်း မတ်ပဲလက်ကျန်မှာလည်း တန်ချိန် နှစ်သိန်းခွဲ၊ သုံးသိန်းဝန်းကျင်သာရှိကြောင်း၊ သုံးလအတွင်း တန်ချိန် လေးသိန်း တင်သွင်းရမည်ဆိုသည်မှာ မဖြစ်နိုင်တာကို လုပ်ခိုင်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

ထို့ပြင် အချိန်သုံးလအတွင်း တန်ချိန်လေးသိန်းအတွက် ဆိပ်ကမ်းတင်ပို့မှုအခြေအနေမှာလည်း မဖြစ်နိုင်သည့်အပြင် ယင်းတင်ပို့မည့် တန်ချိန်လေးသိန်းအတွက် အိန္ဒိယ Importer များကို လိုင်စင်ချထားပေးမှု မရှိသေးဘဲ ဇွန်လအတွင်းမှသာ လိုင်စင်ချပေးနိုင်ကြောင်း မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းထံမှ သိရသည်။

 

လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် အိန္ဒိယ အစိုးရ၏ ပဲတင်သွင်းခွင့် မူဝါဒ အပြောင်းအလဲမြန်ဆန်မှုကြောင့် မြန်မာနိုင်ငံမှ ပဲကုန်သည်များနှင့် ပဲစိုက်တောင်သူများ အခက်အခဲဖြစ်ပေါ်စေပြီး ပဲဈေးကွက်ကိုလည်း မျက်ခြေမပြတ် သတိထားစောင့်ကြည့် ရမည်ဖြစ်ကြောင်း သိရသည်။

 

‘‘ပြောရင်တော့ အခု ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက် မူဝါဒကို ခပ်ပြတ်ပြတ် ချနေကြတာ၊ အခု လက်ရှိ ကောက်ပဲသီးနှံမှာ ဒါတွေ မြင်လာရပြီးတော့ ဒီဥစ္စာဆိုလည်း ကျွန်တော်တို့ သုံးသပ်တာ သူ(အိန္ဒိယ)က စက်တင်ဘာမှာ ထွက်လာမယ့်ပဲကို သွားပြီး အခက်အခဲ ဖြစ်မှာစိုးရိမ်တဲ့အတွက် သြဂုတ်လကုန် နောက်ဆုံးထားပြီး ပို့ဆိုတဲ့ပုံစံမျိုး လုပ်တာပေါ့လေ၊ အကယ်၍ စက်တင်ဘာ ပဲထွက်ရာသီမှာ အထွက်နှုန်း မကောင်းခဲ့ရင်တော့ ကျိန်းသေတာပေါ့၊ နောက်ထပ် Extension ရက်တွေ တိုးပေးပြီး ထပ်ပြီးသွင်းခိုင်းမှာပေါ့၊ အကယ်၍ စက်တင်ဘာ ပဲထွက်ရာသီမှာ အထွက်နှုန်း ကောင်သွားရင်တော့ ဒါနဲ့ဘဲ ရပ်ရင်ရပ်မလား မပြောတတ်ဘူး၊ သူတို့ရဲ့ မူဝါဒ ဖြစ်သွားပြီ"ဟု ဦးမင်းကိုဦး က ပြောသည်။

 

လက်ရှိ ပဲဈေးကွက်အတွင်း ဈေးနှုန်း အနည်းငယ်ကျဆင်းနေပြီး မတ်ပဲတစ်တန်လျှင် ကျပ် ၉၆၀ဝ၀ဝ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၇၇၀ဝ၀ဝ ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

 

အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူမည့် မတ်ပဲသည် မြန်မာနိုင်ငံကသာ အဓိက စိုက်ပျိုးပြီး အခြား ပဲစင်းငုံ၊ ပဲတီစိမ်း၊ စားတော်ပဲများကိုမူ  မြန်မာနိုင်ငံအပြင် အာဖရိကတိုက်နှင့် သြစတေးလျနိုင်ငံများလည်း စိုက်ပျိုးကြကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

 

ငြိမ်းငြိမ်း