ကောလင်း ၂၈ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ကိုးထောင်ဘို့ကျေးရွာသည် ကျောက်ပျဉ်နှင့် ကျောက်ငရုတ်ဆုံ လုပ်ငန်းများကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြင့် အဓိကထား၍ လုပ်ကိုင်ပြီး နှစ်စဉ်အများအပြား ထုတ်လုပ်ရောင်းချလျက်ရှိသည်။
ကိုးထောင်ဘို့ကျေးရွာသည် ကျောက်ပျဉ်နှင့် ကျောက်ငရုတ်ဆုံလုပ်ငန်းကို လွန်းခဲ့သော နှစ်ပေါင်း ၄၀ ခန့်က စတင်ပြုလုပ်ရောင်းချခဲ့ကြသည်။ ကျောက်ပျဉ်နှင့် ကျောက်ငရုတ်ဆုံပြုလုပ်ရန်အတွက် ကျောက်ကြမ်းထည်များကို ကိုးထောင်ဘို့ရွာမ၏ အရှေ့ဘက် ၂ မိုန်ခန့်ကွာဝေးသော သဖန်းလျှိုကွင်းမှ ရရှိပါသည်။ ကျောက်ပျဉ်နှင့် ကျောက်ငရုတ်ဆုံ လုပ်ငန်းကို ယခင်က လက်မှုပညာအနေဖြင့်သာ ပြုလုပ်ခဲ့ကြသည်။
၂၀၁၅ ခုနှစ်ကစ၍ စက်များဖြင့်လုပ်ကိုင်လာကြသည့်အတွက် ပစ္စည်းအရည်အသွေး ကောင်းမွန်လာပြီး လုပ်ကိုင်သူလည် တွင်ကျယ်လာသည်။ ကျောက်ပျဉ်အကြီးတစ်ချပ်ကို ငွေကျပ် ၂၀ဝ၀၊ ကျောက်ပျဉ်အသေးတစ်ချုပ်ကို ငွေကျပ် ၁၀ဝ၀၊ အိမ်သုံးငရုတ်ဆုံတစ်စုံလျှင် ငွေကျပ် ၁၅၀ဝ ဖြင့် လက်ကားဈေး ရောင်းချလျက်ရှိသည်။
ယခင်က ကိုးထောင်ဘို့ကျေးရွာတွင် ကျောက်ပျဉ်နှင့် ကျောက်ငရုတ်ဆုံလုပ်ကိုင်သူနည်းပါပြီး ယခုအခါ ကိုးထောင်ဘို့ကျေးရွာအပြင် ရွာမ၊ ပိတောက်ခုံ၊ ကွက်သစ်၊ ကျွန်းကုံး စသည့် ကျေးရွာများမှလည်း စီးပွားအဖြစ် လုပ်ကိုင်လာကြသည်။ ထိုနောက် ကိုးထောင်ဘို့ကျေးရွာမှ ထွက်ရှိသော ကျောက်ပျဉ်နှင့် ကျောက်ငရုတ်ဆုံများကို စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာသို့ တစ်လလျှင်ကားဖြင့် ၂ ခေါက်ပေးပို့ရသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး နောက်ပိုင်းတွင် ဝယ်လတ်များမရှိသည့်အတွက် ကျောက်ပျဉ်နှင့် ကျောက်ငရုတ်ဆုံ လုပ်ငန်းများ အခတ်အခဲများဖြင့် ကြုံတွေ့နေရပြီး ကျောက်ပျဉ်နှင့် ကျောက်ငရုပ်ဆုံများကို ၂ လ ၃လထိ တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


