ရန်ကုန်  ၂၈ မေ

ပိုးမွှားကင်းစင်ကြောင်းလက်မှတ် မရှိဟုဆိုကာ ကျယ်ဂေါင်တွင် ပိတ်မိနေသည့်ဆန်အိတ် တစ်သိန်းခန့်ကို မူဆယ်သို့ ပြန်လည်သယ်ယူပြီး ပိုးမွှားစစ်ဆေးလျက်ရှိကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်း က မေ ၂၈ ရက်တွင် ပြောသည်။

 

အဆိုပါ ဆန်များကို ပိုးမွှားကင်းစင်ကြောင်းလက်မှတ် ထုတ်ပေးရန် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့သို့ ဝင်ရောက်စစ်ဆေး၍ မရသောကြောင့် မူဆယ်သို့ ပြန်လည်သယ်ယူပြီး စစ်ဆေးကာ ပိုးမွှားကင်းစင်ကြောင်း လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

"မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနက ကျယ်ဂေါင်ထဲမှာ သွားပြီးတော့ ပိုးမွှားသန့်စင်တဲ့ကိစ္စ မစစ်ပေးနိုင်ဘူး၊ မစစ်ဆေးနိုင်တော့ ကျယ်ဂေါင်ထဲမှာ ရှိတဲ့ ဆန်တွေကို မူဆယ်မှာရှိတဲ့ မိမိဂိုဒေါင်မှာ မိမိချပါဆိုပြီးတော့ သယ်လာတဲ့ဆန်တွေကိုလည်း စိုက်ပျိုးရေးဦးစီးဌာနက ပိုးမွှား စစ်ဆေးပေးနေတယ်" ဟု ဦးမင်းသိန်း က ပြောသည်။

 

ပြီးခဲ့သည့် ဧပြီ ၃ ရက်မှစ၍ တရုတ်နိုင်ငံသို့ မြန်မာ့ဆန်များကို တင်ပို့ရာတွင် စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပေးသည့် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် ရရှိသည့် ဆန်များသာ တရုတ်ပြည်ထဲသို့ ဝင်ခွင့်ပြုသဖြင့် ကျယ်ဂေါင်မြို့တွင် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် မရရှိသည့်ဆန်အိတ် တစ်သိန်းခန့် ပိတ်မိနေခြင်းဖြစ်သည်။

 

ယခင်က(မတ်လ ၃၁ ရက်အထိ) တရုတ်နိုင်ငံသို့ မြန်မာ့ဆန်များကို တင်ပို့ရာတွင် မူဆယ် ၁၀၅ မိုင်ရှိ ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်ဖြင့် သွား၍ ရသော်လည်း ယခုအခါ စိုက်ပျိုးရေး ဦးစီးဌာနက ထုတ်ပေးသည့် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် ရရှိသည့် ဆန်များသာ တရုတ်ပြည်ထဲသို့ ဝင်ခွင့်ပြုသဖြင့် ဆန်ကုန်သည်များအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင်ထံမှ သိရသည်။

 

လက်ရှိ ဆန်ကုန်သည်များအနေဖြင့်ကျယ်ဂေါင်တွင် ပိတ်မိနေသော မိမိဆန်အိတ်များကို မူဆယ်ရှိ မိမိဂိုဒေါင်များတွင် ပြန်လည်သယ်ယူကာ ပိုးမွှားကင်းစင်ကြောင်း လက်မှတ်ရရှိရန် စစ်ဆေးရသောကြောင့် ကျယ်ဂေါင်နှင့် မူဆယ် အသွားအပြန်စရိတ်နှင့် ဂိုဒေါင် ကုန်တင်ကုန်ချစရိတ်များ နစ်နာလျှက်ရှိကြောင်း သိရသည်။

 

"အခု ပြန်သယ်လာရတော့ အသွားအပြန်စရိတ်ရှိတယ်၊ ဂိုဒေါင် အတင်အချ စရိတ်ရယ် ဒီနှစ်ခုပေါင်းလိုက်မယ်ဆိုရင်တော့ ဆန်တစ်အိတ်ကို မြန်မာငွေ ကျပ်တစ်ထောင်လောက် နစ်နာသွားတယ်" ဟု ဦးမင်းသိန်း က ဆက်ပြောသည်။

 

တရုတ်အစိုးရက မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲ တင်သွင်းရာတွင် နှစ်နိုင်ငံအကြီးအကဲများရှေ့၌ ချုပ်ဆိုထားသည့် စာချုပ်များအတိုင်း ဆန်နှင့် ဆန်ကွဲ စစ်ဆေးခြင်းနှင့် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းစေရန် အချက် ၁၀ ချက်ပါ နှစ်နိုင်ငံသဘောတူညီစာချုပ်ကို လိုက်နာရမည်ဟု ဆိုသည်။

 

လက်ရှိ တရုတ်နိုင်ငံသို့ ရောင်းချသည့် ဆန်များသည်လည်း မေလအတွင်း နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းမှ တင်ပို့ရန် ရည်မှန်းထားသော ဆန်တန်ချိန် ၅၀,၀၀၀ အထဲမှ တင်ပို့နေခြင်းဖြစ်သည်။

 

လက်ရှိ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဆန်တင်ပို့ရာတွင် စိုက်ပျိုးရေး ဦးစီးဌာနက ထုတ်ပေးသည့် ပိုးမွှားကင်းစင်ကြောင်း လက်မှတ်ရှိသည့် လိုင်စင်အသစ်များဖြင့် တစ်နေ့လျှင် ဆန်အိတ်ရေ ၇၀၀ တင်ဆောင်နိုင်သည့် ကုန်တင်ယာဉ် ၁၅ စီးမှ အစီး ၂၀ ခန့်ဖြင့် ဆန်တင်ပို့နေပြီး ၅၀ ကီလို ဆန်တစ်အိတ်လျှင် ယွမ် ၁၃၅ မှ ၁၄၀ ကြား ရရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှလည်း COVID- 19 Pandemic ကာလအတွင်း ပြည်ပတင်ပို့မည့် ဆန်နှင့် ဆန်ကွဲ ပို့ကုန်လိုင်စင်အတွက် လစဉ်ပင်လယ်ရေကြောင်းမှ တန်ချိန် တစ်သိန်းနှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန် ငါးသောင်းစုစုပေါင်း တန်ချိန်တစ်သိန်းခွဲအထိကို မေလတွင် စတင် ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ထိုသို့ ပြည်ပဆန်တင်ပို့ရောင်းချမှုကြောင့် ပြည်တွင်းစားနပ်ရိက္ခာ အခက်အခဲမဖြစ်စေရန်အတွက် တင်ပို့သည့် တန်ချိန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန် အဖြစ် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ထားရှိရမည်ဖြစ်ကြောင်း သိရသည်။

 

ထို့​ပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေချိန်အတွင်း ပြည်တွင်းစားနပ် ရိက္ခာဖူလုံရန် ဆန်တန်ချိန် ငါးသောင်းနှင့် စားအုန်းဆီ တန်ချိန် ၁၂,၀၀၀ ဝယ်ယူစုဆောင်းရန် အစိုးရက ကျပ် ၃၈ ဘီလီယံ ထုတ်ယူသုံးစွဲမည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

 

လက်ရှိ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၈ ရက်နေ့အထိ ခုနှစ်လကျော်အတွင်းမြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၈ သိန်းခန့် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၅၂၇ ဒသမ ၈၆၆ မီလီယံ ရရှိထားကာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂၃ သိန်းကျော် တင်ပို့ထားကြောင်း သိရသည်။

ငြိမ်းငြိမ်း