မြစ်ကြီးနား  ၂၈   မေ

 

ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့်ကာလအတွင်း ပိတ်ထားခဲ့သည့် မော်တော်ယာဉ်လိုင်းများကို မေလအတွင်း ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြစ်ဖျားဧရာကားဝင်းတွင် ယာဉ်လိုင်းပေါင်း (၂၂) ခုရှိသည့်အနက် ယာဉ်လိုင်းပေါင်း (၁၃) လိုင်း ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရှိရသည်။

 

 စတင်ပြေးဆွဲခွင့်ပြုသည့်ရက်တွင် လိုင်း (၂) ခုစတင်ပြေးဆွဲခဲ့ရာမှ ယခုအခါတွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း (၁၃) လိုင်းထိ ရှိနေပြီဖြစ်သည်။ ပြန်လည်ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းများကို အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်အတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပုဂ္ဂလိကပိုင်မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်းကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်စီးခနှုန်းထားများလည်း ပြောင်းလဲမှုမရှိကြောင်း ယာဉ်များ ကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ဦးမျိုးမြင့်ဦးက ပြောကြားသည်။

 

ကချင်ပြည်နယ်မှ ရန်ကုန်၊ မုံရွာသို့ ပြေးဆွဲနေသည့် ယာဉ်များတွင် သတ်မှတ်စည်းကမ်း အတိုင်း လူတင်ခြင်း၊ မော်တော်ယာဉ်မထွက်ခွာမီ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်များ အားလုံးကို အပူချိန်တိုင်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကားပေါ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အရေးပေါ်အခြေအနေပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့် အချက်များကိုလည်း ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ယာဉ်လိုင်းများတွင်လည်း လက်ဆေးကန်များ စနစ်တကျဆောင်ရွက်ပေးထားကြောင်း တက်နေလင်းယာဉ်လိုင်းမှ တာဝန်ခံ ဦးမျိုးနိုင်ထံမှ သိရှိရသည်။

 

ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့နှင့် မုံရွာမြို့များသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများမှာ High Class၊ ငွေနှင်း မန္တလာ၊ တက်နေလင်း၊ မျိုးဆက်သစ်၊ ရွှေမြစ်ဆုံ၊ စွမ်း၊ မနောတံခွန်၊ ရွှေကချင်၊ မိုးကောင်းကင်၊ မြတ်မန္တလာထွန်း၊ High Boss နှင့် ဂျိန်းဖောရွှေမြေ တို့ဖြစ်ကြောင်း သိရှိရသည်။

 

နွယ်စိမ်း (ပြန်/ဆက်)