မင်းဘူး ၂၈ မေ
မင်းဘူးခရိုင်၊ ရွှေစက်တော်ဘေးမဲ့တောဧရိယာ ဧကပေါင်းတစ်သိန်းကျော်အတွင်း၌ ရွှေသမင်များ အဓိက ကျက်စားသည့် ဧက ၄၀ဝ ကျော်ရှိပြီး ၂၀၂၀ ခုနှစ် ဧပြီလ နှင့် မေလများအတွင်း သမင် နှင့် တောဝက်များကို ဖမ်းဆီးနိုင်သည့် ကျော့ကွင်းပေါင်း ၁၇၂ ကွင်းကို ဖြုတ်သိမ်းနိုင်ခဲ့ကြောင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“ထွန်စက်တာယာတွေကနေ သံကြိုးထုတ်ပြီးတော့ သမင်းကွင်း ထောင်တာရှိနေတယ်။ ဒေသခံတွေထဲက လုပ်ကြတာပါ။ အဲဒါကလည်း နှစ်ပေါင်းများစွာကြာပါပြီ။ ဓလေ့လို ဖြစ်နေကြတာ။ ရွှေသမင်တွေ သေနတ်နဲ့ ပစ်ခံရတယ်ဆိုတဲ့ အကြားသတင်းတွေ ရှိပေမယ့် သက်သေသက္ကာရ မရှိသေးပါဘူး။ ရှိတဲ့ဝန်ထမ်းအင်အားနဲ့ ကျော့ကွင်းတွေ သိမ်းဆည်းတာ၊ ကျေးရွာတွေမှာ အသိပညာပေးတာတွေ လုပ်နေပါတယ်” ဟု ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးအောင်စိုးတင့်က ပြောသည်။
ပွင့်ဖြူမြို့နယ်၊ တပ်မတော် ဝါစိုက်ခင်းအနီးတွင် ရွှေသမင်များ အများဆုံးကျက်စားသည့် ကိုယ်စားပြုဧရိယာမှာ ဧက ၄၀ဝ ကျော်ရှိပြီး နောက်ဆုံးကောက်ယူတွက်ချက်ရသည့် စာရင်းအရ သမင်ကောင်ရေ ၁၁၀၆ ကောင် ရှိကြောင်း၊ King Methode အရ မှားနိုင်စွမ်း ၃၆၀ ကောင်ရှိသည့်အတွက် အနုတ်ဘက်ကတွက်လျင် ကောင်ရေ ၈၀ဝ ခန့်၊ အပေါင်းဘက်က တွက်လျှင် ကောင်ရေ ၁၅၀ဝ ခန့် ရှိကြောင်း ရွှေစက်တော် ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ထံမှ သိရသည်။
“ကျွန်တော်ပင်စင်ယူတာ LPR တစ်လပြည့်သွားပြီ။ ပင်စင်မယူခင်မှာ ရွှေသမင်တွေ သေနတ်နဲ့ပစ်ခံရတယ် လို့သတင်းရတယ်။ သေနတ်သမားတစ်ယောက် ညနေမိုးချုပ်ဆို ကားနဲ့လာပြီးပစ်တယ်လို့သတင်းရလို့ သစ်တောရဲတွေနဲ့ နှစ်ည ဆက်တိုက် သွားစောင့်ခဲ့တယ်။ မတွေ့ဘူး” ဟု ဘေးမဲ့တောရုံး၊ ဦးစီးအရာရှိ(ငြိမ်း) ဦးသိန်းလွင်က ပြောသည်။
သစ်တောဦးစီးဌာနအနေဖြင့် ရွှေသမင်များကျက်စားရာနေရာများ၌ သီးပင်စားပင် ဧက(၂၀)စိုက်ပျိုးခြင်း၊ ဆားကျင်းများ ပြုပြင်ခြင်း၊ အသစ်ပြုလုပ်ခြင်း၊ ဘေးမဲ့တောဧရိယာအတွင်း သောက်သုံးရေကန်ငယ်(၉)ကန် တူးဖော်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး လတ်တလောတွင် သမင်သောက်ရေကန်များ ရေဖြည့်ခြင်း၊ ရွှေသမင်များ သတ်ဖြတ်ခြင်း မခံရစေရန် ကင်းလှည့်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


