ထားဝယ် ၂၈ မေ
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဆဌမနေ့) ကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်အေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၈)ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၇) ဦး နှင့် သတင်းမီဒီယာ ( ၂ ) ဦးတို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ဆဌမနေ့) အစည်းအဝေး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၁)ခုအားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့်အဖွဲ့ အစည်းဝင်များကပြန်လည်ဖြေကြားခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက တိုင်းဒေသကြီးအိမ်တွင်းမှု စက်မှုလက်မှုလုပ်ငန်းဥပဒေ(မူကြမ်း)အား တိုင်းဒေသကြီး လွှတ်တော်သို့တင်သွင်းသည်။
ထိုနောက် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော ကော့သောင်းမြို့ အဆိုပြုမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ပုံစံနှင့်စပ်လျဉ်း၍တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁)ဦး ကဆွေးနွေးကာ တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီမှ လေ့လာတွေ့ ရှိချက်သုံးသပ်ချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအားဖတ်ကြား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်(၁၆) ကြိမ်မြောက်ပုံမှန်အစည်း အဝေး(ဆဌမနေ့) ကို နံနက်(၁၁)နာရီအချိန်တွင် ရပ်နားခဲ့ပြီး(၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆက်လက် ကျင်းပမည့်နေ့ရက်နှင့် အချိန်ကို ထပ်မံအကြောင်းကြား ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)


