ရန်ကုန် ၂၈ မေ
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ယာယီပိတ်သိမ်းခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်၊ မင်္ဂလာဒုံမြို့နယ်တို့မှ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံ အလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်ငွေ ၄၀ ရာခိုင်နှုန်း ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးရုံးခွဲ (၅) တွင် ပြုလုပ်သည်။
ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးရုံးခွဲ(၅)မှ တာဝန်ခံ အရာရှိ ဦးသန့်ဇော်မင်းက လူမှုဖူလုံရေးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာန (၁၇) ခုမှ အာမခံအလုပ်သမား (၃၅၆၆) ဦးအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် (၈၀၈၆၁၉၁၃ ဒသမ ၈၄) ကျပ်ကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတို့မှ တာဝန်ခံများထံ ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ခဲ့သည့် အင်းစိန်၊ မင်္ဂလာဒုံမြို့နယ်တို့ရှိ စက်ရုံ၊ အလုပ်ရုံများသည် ပူးပေါင်းအဖွဲ့နှင့် စစ်ဆေးပြီး တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုအမိန့်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ရသော စက်ရုံ၊ အလုပ်ရုံများဖြစ်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးအပ်ခြင်းဖြစ်သည်။
ယနေ့ လူမှုဖူလုံရေး ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-မင်းသစ်(MNA)


