နေပြည်တော် ၂၈ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူတစ်ဦးချင်းစီ၏ လိုအပ်ချက်တို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်နိုင်ရေးစီမံချက်အရ မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ငွေကြေးထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုဂ္ဂလိက မျက်မမြင်ကျောင်း (၁၃)ကျောင်းရှိ အမြင်အာရုံ မသန်စွမ်းသူ (၆၅၈)ဦးအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များနှင့် တစ်ကိုယ်ရည်သုံး ကာကွယ်ပစ္စည်းများ ဝယ်ယူနိုင်ရန် ထောက်ပံ့ဆောင်ရွက်လျက်ရှိရာ မေ ၂၅ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မျက်မမြင်ကျောင်းအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် (၅၀)အတွက် ငွေကျပ် ၁,၅၀၀,၀၀၀ (တစ်ဆယ့်ငါးသိန်းတိတိ) နှင့် မေ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မျက်မမြင်ကျောင်း (၄)ကျောင်းရှိ အမြင်အာရုံမသန်စွမ်းသူ (၂၅၀)အတွက် ငွေကျပ် ၇,၅၀၀,၀၀၀ (ခုနှစ်ဆယ့်ငါးသိန်းတိတိ)ကို ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။
ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာနှင့် ရမည်းသင်းမြို့တို့ရှိ မျက်မမြင်ကျောင်း (၃)ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ (၉၉)ဦးအတွက် ငွေကျပ် ၂,၉၇၀,၀၀၀ (နှစ်ဆယ့်ကိုးသိန်းခုနစ်သောင်း)ကို ထောက်ပံ့ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ မျက်မမြင်ကျောင်း (၂)ကျောင်း၊ မကွေးတိုင်းဒေသကြီးရှိ မျက်မမြင်ကျောင်း (၁)ကျောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ မျက်မမြင်ကျောင်း (၄)ကျောင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မျက်မမြင် ကျောင်း(၁)ကျောင်းတို့မှ အမြင်အာရုံမသန်စွမ်းသူများအား ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


