နေပြည်တော် ၂၈ မေ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်၏ ဝန်ကြီးဌာနအသီးသီးက လက်ရှိကျင့်သုံးနေသော ပြဋ္ဌာန်းကာလ သက်တမ်းနှစ်နှစ်ကျော်နေပြီဖြစ်သော ဥပဒေများကို သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ ပြန်လည်စိစစ်သုံးသပ်ပြီး “ဥပဒေကျင့်သုံးအကောင်အထည်ဖော်မှု စိစစ်ချက်မှတ်တမ်း အစီရင်ခံစာ”ကို လွှတ်တော်များနှင့် သက်ဆိုင်ရာ ကော်မတီများသို့ ပေးပို့ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က နယ်စပ်ရေးရာဝန်ကြီးဌာန စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများက ဥပဒေကျင့်သုံးအကောင်အထည်ဖော်မှု စိစစ်ချက်မှတ်တမ်းအစီရင်ခံစာကို လွှတ်တော်နှင့် သက်ဆိုင်ရာကော်မတီများသို့ ပေးပို့နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က လမ်းညွှန်မှုပြုပါက တင်ပြအစီရင်ခံမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၃၇ အရ ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ်အစီရင်ခံစာတင်ပြလျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၂၄ (ဆ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ်အစီရင်ခံတင်ပြလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေနှင့်စပ်လျဉ်း၍ ပုဒ်မ ၂၂ (ဌ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ လုပ်ငန်းဆောင်ရွက်မှုကို ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြလျက်ရှိပါကြောင်း။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သက်ဆိုင်ရာ ဥပဒေအသီးသီးကို ကျင့်သုံးအကောင်အထည်ဖော်မှု စိစစ်ချက်မှတ်တမ်းကို လွှတ်တော်များနှင့်သက်ဆိုင်ရာ ကော်မတီများသို့ ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးများအနေဖြင့် လွှတ်တော်များနှင့် သက်ဆိုင်ရာကော်မတီများသို့ သီးခြားအစီရင်ခံတင်ပြရန် မရှိပါကြောင်း။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် အသစ်ပြဋ္ဌာန်းသော မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေသည် ပြဋ္ဌာန်းကာလ နှစ်နှစ်မကျော်သေးပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ အနေဖြင့် ၎င်းတို့ ကျင့်သုံးလျက်ရှိသော ဥပဒေများကို ပြင်ဆင်သည့်ကာလ နှစ်နှစ်မကျော်သေးပါကြောင်း။

သို့ပါ၍ ဥပဒေတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာဥပဒေ၏ သဘောသဘာဝအရ သီးခြားတင်ပြရန် အတိအလင်း ဖော်ပြထားသော ဥပဒေပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြလျက်ရှိပါကြောင်း၊ ယင်းသို့ အစီရင်ခံတင်ပြရန် ဥပဒေပြဋ္ဌာန်းချက်၊ ညွှန်ကြားချက်များ မရှိသဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ဥပဒေတစ်ခုချင်းအလိုက် ကျင့်သုံးအကောင်အထည်ဖော်မှု စိစစ်ချက်မှတ်တမ်းအစီရင်ခံစာကို လွှတ်တော်၊ လွှတ်တော်ကော်မတီသို့ တင်ပြရန် မရှိကြသော်လည်း လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းဖြေကြားရာတွင်လည်းကောင်း၊ အဆိုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် လည်းကောင်း၊ သက်ဆိုင်ရာ လွှတ်တော်ကော်မတီများတွင် ဆွေးနွေးရာတွင်လည်းကောင်း သက်ဆိုင်ရာ ဥပဒေများအတွက် အကောင်အထည်ဖော်မှု အခြေအနေကို လိုအပ်သလို အစီရင်ခံတင်ပြလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၏ ယခုပြင်ဆင်ထားသည့် ထက်ပိုမိုထိရောက်သော စီမံခန့်ခွဲမှုများ နိုင်ငံအနှံ့မှာ အရေးပေါ်ပြင်ဆင်နိုင်ရန်နှင့် COVID-19 ဘေးအန္တရာယ်ကျရောက်လာသည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရထံသို့ လုံလောက်သော ဘဏ္ဍာငွေများ ဖြည့်ဆည်းပေးရန်နှင့် ထိုသို့ဆောင်ရွက်နိုင်ရန် COVID-19 ကနဦး ရန်ပုံငွေ ကျပ်ဘီလီယံ ၁၀ဝ အပြင် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဥပဒေ မူကြမ်းတင်သွင်းခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၀၃၊ ပုဒ်မခွဲ (ဂ)အရ ပြည်ထောင်စုလွှတ်တော်က လက်ရှိဘဏ္ဍာရေးနှစ်အတွင်း နောက်ထပ်အရေးပေါ် ရန်ပုံငွေသုံးစွဲခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ တို့ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲ ဝေသုံးစွဲရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို နောက်ထပ်ခွင့်ပြုသည့် သုံးငွေသည် ၉၄ ဒသမ ၃၆၇ ဘီလီယံ ပါဝင်ပါကြောင်း။
COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် ပြည်တွင်းပြည်ပအလှူရှင်များ လှူဒါန်းနိုင်ရန်အတွက် နိုင်ငံခြားငွေ စာရင်း၊ ကျပ်ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် CB ဘဏ်များတွင် ဖွင့်လှစ်ထားရှိပါကြောင်း၊ အဆိုပါ အလှူငွေများထဲမှလည်း သက်ဆိုင်ရာ ဝန်ကြီဌာနများက သုံးစွဲလျက်ရှိပါကြောင်း၊ COVID -19 ကိစ္စအတွက် နိုင်ငံတကာအဖွဲ့ အစည်းများထံက အတိုးနှုန်းသက်သာသည့် ချေးငွေများရရှိနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်၍ ရယူခဲ့ရာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အမေရိကန်ဒေါ်လာ သန်း ၇၀ဝ၊ ကမ္ဘာ့ဘဏ်ထံမှ အမေရိကန်ဒေါ်လာသန်း ၅၀၊ အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၀၊ JICA ထံမှ ဂျပန်ယန်း ၃၀ ဘီလီယံတို့ကို ရယူမည်ဖြစ်ပါကြောင်း။
IMF ချေးငွေရယူပြီးသည့်အခါ G-20 နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းခွင့် ၂၀၂၀ ပြည့်နှစ်နှစ်ကုန်အထိ ရရှိနိုင်မည်ဖြစ်သည့်အတွက် ယင်းထဲမှလည်း အမေရိကန်ဒေါ်လာ သန်း ၄၆၀ ခန့် သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ COVID-19 အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်ချေးငွေနှင့် ချေးငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် လက်ရှိစီမံကိန်းများထဲမှ လွှဲပြောင်းသုံးစွဲသည်မှာ အမေရိကန်ဒေါ်လာ ၁၁ သန်း ရှိပါကြောင်း၊ ကမ္ဘာ့ချေးငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်း ၈ ခုရှိပြီး ယင်းတို့ထဲမှ လွှဲပြောင်းသုံးစွဲမည်ဆိုပါက အမေရိကန်ဒေါ်လာ ၄၆၀ သန်းအထိ လွှဲပြောင်းသုံးစွဲနိုင်သည်ကို တွေ့ရပါကြောင်း။
COVID-19 ကြောင့် စီးပွားရေးနှင့် လူမှုရေးထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် COVID-19 Economic Relief Plan ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ စီးပွားရေး၊ လူမှုရေးသက်ရောက်မှုများအပေါ် ကုစားရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီ အစဉ်များကို အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည့် ဘဏ္ဍာငွေအရင်းအမြစ်များကို စီမံထားပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အရေးပေါ်ရန်ပုံငွေကို တိုးမြှင့်ရန်အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
မဟာအောင်မြေ မဲဆန္ဒနယ်မှ ဦးငြိမ်းသစ် (ခ) ဦးသောင်းထွန်း၏ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ မစိုးရိမ်ကံတက်ကုန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ပြဋ္ဌာန်းခဲ့သော အခြေခံပညာရေးဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ(င)အရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အခြေခံပညာရေး အဆင့်နှင့် အတန်းများ ပါရှိသော ကျောင်းအမျိုးအစားများအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားပါသဖြင့် ဘုန်းတော်ကြီးသင် ပညာရေးများသည်လည်း အခြေခံပညာရေးဥပဒေတွင် အကျုံးဝင်လျက်ရှိပါကြောင်း၊ ယင်းဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)အရ အခြေခံကျောင်းများဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်း၊ အဆင့်တိုးမြှင့်ခြင်းနှင့် အဆင့်လျှော့ချခြင်းတို့ကို အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ မူဝါဒနှင့်အညီ အခြေခံပညာရေးကောင်စီက ကြပ်မတ်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း။

သို့ပါ၍ လက်ရှိအခြေအနေတွင် အဆိုပါ မစိုးရိမ်ကံတက်ကုန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနအနေဖြင့် မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ တိုးမြှင့်ပေးနိုင်သည့် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
အလားတူ ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ ကနီမြို့နယ် အလောင်းတော်ကဿပ ဂေါပကဖွဲ့စည်းရာတွင် ကနီမြို့နယ် သံဃနာယကအဖွဲ့၏ သဘောထားထုတ်ပြန်ချက်ပါအတိုင်း ဖွဲ့စည်းပေးနိုင်ခြင်း ရှိ၊ မရှိနှင့် နယ်မြေခံ သံဃနာယကအဖွဲ့က လက်ခံနိုင်သော ဂေါပကဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများအား တိုင်းဒေသကြီးအစိုးရမှ ကြီးကြပ်ရေးဆွဲ၍ အတည်ပြုထုတ်ပြန်နိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကြည်မင်းက လည်းကောင်း၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ တွံတေးတူးမြောင်း ပိုင်မြေများအား (ရေ/မြစ်/ဖြိုး) ဦးစီးဌာနက စီမံခန့်ခွဲဆောင်ရွက်နေမှု အခြေအနေများနှင့် တိကျရှင်းလင်းသော မူဝါဒများ ချမှတ်ပေးနိုင်ခြင်းရှိ၊ မရှိ တို့ကို သိရှိလိုခြင်း မေးခွန်း၊ ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၏ ငပုတောမြို့၊ ဈေးတံတားဆိပ်ကမ်းတွင် ခရီးသွားပြည်သူများနှင့် ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆိုက်ကပ်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု လျင်မြန်သွက်လက်စေရန်အတွက် ဆိပ်ခံဘောတစ်စင်းကို နိုင်ငံသားများအတွက် မည်သို့ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းတို့နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ မက်မန်း မဲဆန္ဒနယ်မှ ဦးတင်အေး၏ မက်မန်းမြို့နယ်တွင် မြိုနယ်သစ်တောဦးစီးဌာန၏ ဖွဲ့စည်းပုံပါ ဝန်ထမ်းဖွဲ့စည်းပုံအနက်မှ လစ်လပ်လျက်ရှိသည့် ဝန်ထမ်းဦးရေ မည်မျှအား ထပ်မံဖြည့်ဆည်းခန့်အပ်ပေးရန်နှင့် မြို့နယ်သစ်တောဦးစီးဌာနရုံး အဆောက်အဦဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မင်းဘူး(စကု)မြို့နယ်၊ လေးပင်ကျေးရွာအုပ်စုရှိ (၁၂၇၉) ကွင်းမှ နှစ်ပေါင်း (၆၅)နှစ်ခန့် ဓားမဦးချလုပ်ကိုင်စားသောက်နေသော စိုက်ပျိုးဧရိယာအား ကွင်းဆင်းစစ်ဆေးပြီး ကြိုးဝိုင်းဧရိယာအတွင်းမှ ပယ်ဖျက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်း၊ ပေါင် မဲဆန္ဒနယ်မှ ဒေါ်မိကွန်းချမ်း၏ ပေါင်မြို့နယ်ရှိ ကုလားမတောင်တန်းကြီးမှ လမ်းခင်းကျောက်ထုတ်လုပ်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ မြေကွက်ဖော်မြေတူးရောင်းချခြင်း စသည့်လုပ်ငန်းများကို တရားဝင်နှစ်ရှည်လုပ်ကိုင်ခွင့် ပြုထားခြင်းနှင့် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေခြင်းကို ပိတ်သိမ်းပေးရန်နှင့် သဘာဝထိန်းသိမ်းစောင့်ရှောက်သည့် ဇီဝတောင်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် ဖားဆောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ၏ မော်ချီးဒေသတွင် သတ္တုအကြီးစားလုပ်ကွက် တူးဖော်လုပ်ကိုင်ခွင့်ရရှိသော ကယားပြည်နယ် သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီ (KMPC) အနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးရန်ပုံငွေနှင့် သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်မှု ရန်ပုံငွေထားရှိရန် စသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မည်ကဲ့သို့ စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်းနှင့် ညွှန်ကြားချက်များနှင့် လိုက်နာဆောင်ရွက်ထားခြင်းမရှိပါက မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းတို့နှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာပါအတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုရန်အတွက် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် ပြင်ဆင်ချက်ဖြင့် သဘောတူကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တင်သွင်းသည့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ရန် တင်ပြချက် ၇၃ ချက်အား တင်ပြ၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သဘောထားမေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှရုတ်သိမ်းရန် အဆိုနှင့်စပ်လျဉ်း၍ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်က တင်သွင်းရာတွင် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၁ တွင် ဥက္ကဋ္ဌကိုဖြစ်စေ၊ ဒုတိယဥက္ကဋ္ဌကိုဖြစ်စေ၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦးစလုံးကိုဖြစ်စေ လွှတ်တော်က အောက်ပါအကြောင်းတစ်ရပ်ရပ်နှင့် သတ်မှတ်နည်းလမ်းနှင့်အညီ တာဝန်မှ ရုပ်သိမ်းနိုင်ကြောင်းကို ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းတို့မှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်းနှင့် ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ဖြစ်ပါကြောင်း။
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ နှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ တို့အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် လေးပုံတစ်ပုံဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးတို့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး လက်ရှိ ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ကိုပါ ထမ်းဆောင်လျက်ရှိသည့် ဦးတီခွန်မြတ်အား တာဝန်မှ ရုပ်သိမ်းပေးပါရန် အဆိုလွှာတင်သွင်းအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ယခုတင်သွင်းသော အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၂၀၂ဝ ပြည့်နှစ် မေ ၂၉ ရက် ညနေ ၄ နာရီနောက်ဆုံးထား၍ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်တင်သွင်းရန်ဖြစ်ကြောင်း အသိပေးကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇွန် ၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်