ဟားခါး ၂၈ မေ
ချင်းပြည်နယ် ဟားခါးမြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြို့သစ်စီမံကိန်းနှင့် ဟားခါးမြို့အကြား လမ်းပြုပြင်ခြင်းလုပ်ငန်းများ ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ Triple Four Company က စက်ယန္တရားကြီးများဖြင့် ကူညီဆောင်ရွက်လျက်ရှိပြီး မေ ၂၈ ရက်အထိ လက်ရှိတွင် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
“ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၏ လမ်းညွှန်မှုနှင့်အတူ မြို့သစ်နှင့် ဆက်စပ်နေတဲ့ လမ်းတွေကို အကျယ် ပေ ၄၀ နှင့် ရာသီမရွေး သွားလာနိုင်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနှင့် လူအား စက်အား ပစ္စည်းများကို မြို့တော်အတွက် ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်” ဟု Triple Four Company မှ M.D ဦးခုမ်အားက ပြောသည်။
ဆက်လက်၍ Triple Four Company မှ အင်ဂျင်နီယာ ဒေါ်ထရေစီနာက “လမ်းတစ်လျှောက်မှာတော့ ရေနုတ်မြောင်း ၂ ခု လုပ်ရပါတယ်။ အရင်ကတော့ ဆိုင်ကယ်သွားရုံလမ်းက ကျဉ်းပါတယ်။ ခုတော့ ပေ ၄၀ အကျယ်လောက်ထိ ရနိုင်သလောက် တိုးချဲ့ဆောင်ရွက်နေပါတယ်။ အလုပ်သမား ၅၀ လောက်နဲ့ ဧပြီလဆန်းက စပြီးဆောင်ရွက်ခဲ့တာ ခုဆိုရင်တော့ ကျွန်မတို့ဆောင်ရွက်ရမယ့် လုပ်ငန်းရဲ့ ၅၀ ရာခိုင်နှုန်းကျော်အထိ ပြီးနေပါပြီ။ အခြားလုပ်ငန်းတွေ ဆက်လက်တာဝန်ပေးခဲ့ရင်လဲ ကုမ္ပဏီရဲ့ လမ်းညွှန်မှုနှင့်အတူ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။
ယခုဆောင်ရွက်လျက်ရှိသော လမ်းမှာ ဟားခါးမြို့ စျေးသစ်ရပ်ကွက်မှ ကျောဘုတ်ရပ်ကွက်အထိ၊ ထိုမှ မြို့သစ်စီမံကိန်းဧရိယာ (၆၇၆ ဧက) အထိဖြစ်ပြီး ယခင်က မော်တော်ကားသွား၍ မရဘဲ ဆိုင်ကယ်လမ်းသာ ရှိခဲ့ကြောင်း၊ လမ်းတစ်လျှောက်တွင် ချောင်းငယ်များရှိရာ အချို့နေရာများတွင် ရေနုတ်မြောင်းများ၊ မြေထိန်းနံရံများဖြင့် လမ်းသွားခိုင်မာအောင် တည်ဆောက်လျက်ရှိကြောင်း၊ ယခုလက်ရှိတွင် စက်ယန္တရားများ၊ လူအားနှင့် ပစ္စည်းတို့ကို Triple Four Company က အခမဲ့ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


