မန္တလေး ၂၈ မေ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ ရေနံ့သာငါးလုပ်ငန်းစခန်းမှ ဒေသတွင်း ငါးမွေးတောင်သူများအတွက် မျိုးကောင်းမျိုးသန့် ငါးသားပေါက်များ ထုတ်လုပ်ကာ ဈေးနှုန်းချိုသာစွာဖြင့် နှစ်စဉ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ရေနံ့သာ ငါးလုပ်ငန်းစခန်းမှ သိရသည်။
အဆိုပါငါးလုပ်ငန်းစခန်းသည် မန္တလေးမြို့နှင့် ၂၈ မိုင်ကွာဝေးကာ မန္တလေး-မိုးကုတ် ကားလမ်း၏ ဝဲဘက်တွင်တည်ရှိပြီး စခန်းရှိ ကန်ပေါင်း ၂၇ ကန်မှ ငါးအမျိုးအစားပေါင်း ၁၁ မျိုးအား ဆေးထိုးသားဖောက်နှင့် သဘာဝနည်းများဖြင့် သားဖောက်ထားသည့် မျိုးကောင်းမျိုးသန့် ငါးသားပေါက်များ ထုတ်လုပ်ကာ ပြင်ဦးလွင်ခရိုင်အတွင်းရှိ သဘာဝရေပြင်များ၊ ငါးမွေးတောင်သူများ၊ ဆည်ရေလှောင်တမံနှင့် အင်းများအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးနိုင်ရန်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ငါးမွေးတောင်သူများအတွက်လည်း လိုအပ်သည့် ငါးသားပေါက်များကို ဖြန့်ဖြူပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယမန်နှစ်က ငါးသားပေါက် အကောင်ရေ သိန်းပေါင်း ၂၅၀ ကျော် ထုတ်လုပ်ဖြန့်ဖြူပေးနိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးပေါ်လွင်က ပြောသည်။
“ကျွန်တော်တို့ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငါးလုပ်ငန်းစခန်းတွေက ထွက်ရှိလာတဲ့ ငါးသားပေါက်တွေကို ရောင်းချနိုင်ဖို့ ဈေးကွက်ရှာဖွေပေးခြင်းနဲ့ သဘာဝရေပြင် ဆည်ရေလှောင်တမံအင်းတွေမှာ ငါးမျိုးစိုက်ထည့်ပေးနိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ငါးသားပေါက်ထုတ်လုပ်တဲ့အခါမှာ ရာသီဥတုအပေါ်မူတည်ပြီး အတက်အကျရှိပါတယ်။ ဒါကြောင့် ရာသီဥတုကို ကျော်လွန်ပြီး ငါးသားပေါက်တွေ တိုးတက်ထုတ်လုပ်နိုင်ဖို့ ငါးသားပေါက်စခန်းတွေက ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိ ရေနံ့သာ ငါးသားပေါက်စခန်းက ငါးမွေးတောင်သူတွေ ဆည်ရေလှောင်တမံတွေနဲ့ သဘာဝရေပြင်တွေအတွက် ငါးမျိုးတွေ စိုက်ထည့်ပေးနိုင်တဲ့အပြင် အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူပေးနိုင်တဲ့အတွက် အောင်မြင်နေတဲ့ လုပ်ငန်းတစ်ခုအဖြစ် သုံးသပ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ငါးလုပ်ငန်းစခန်းပေါင်း လေးခုရှိပြီး ၎င်းတို့အနက် ရေနံ့သာ ငါးလုပ်ငန်းစခန်းမှ ငါးမွေးကန် ၂၇ ကန်ဖြင့် ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငွေရောင်ငါးကြင်း၊ မြက်စားငါးကြင်း၊ ငါးခုံးမ၊ ရွှေဝါငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးဖမ်းမ၊ တီလားဘီးယား စသည့် ငါးအမျိုးအစား ၁၁ မျိုးမှ ငါးသားပေါက်များ ထုတ်လုပ်ကာ ပြင်ဦးလွင် ခရိုင်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများဖြစ်ကြသည့် ရန်ကုန်၊ ကချင်၊ ရှမ်း၊ ကယားနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးတောင်သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယမန်နှစ်က ငါးသားပေါက်ကောင်ရေ သိန်းပေါင်း ၂၅၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင် သိန်း ၃၀ဝ ခန့် ထုတ်လုပ်နိုင်ရန် လျာထာဆောင်ရွက်လျက်ရှိကြောင်း ရေနံ့သာ ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးအေးလွင်က ပြောသည်။
“ကျွန်တော်တို့ ရေနံ့သာ ငါးလုပ်ငန်းစခန်းက ဒေသတွင်းမှာရှိကြတဲ့ ငါးမွေးတောင်သူတွေ လိုအပ်တဲ့ မျိုးကောင်း၊ မျိုးသန့် ငါးသားပေါက်တွေကို ဈေးနှုန်းချိုသာစွာနဲ့ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ခြင်းဖြင့် ငါးမွေးတောင်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိပြီး ငါးထုတ်လုပ်မှုတိုးတက်ကာ ဒေသခံတွေ ငါးစားသုံးမှုဖူလုံစေဖို့ ရည်ရွယ်ပြီး ငါးသားပေါက်တွေ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသလို ငါးမွေးတောင်သူတွေအတွက် ငါးဆေးထိုး သားဖောက်နည်းနဲ့ သဘာဝငါးသားဖောက်နည်းတွေကို နှစ်စဉ်သင်တန်းတွေ ပို့ချပေးနေပါတယ်။ လက်ရှိထုတ်လုပ်တဲ့ ငါးသားပေါက် အကောင်ရေ သိန်း ၂၅၀ အနက် မတ္တရာမြို့နယ်ကို အကောင်ရေ သိန်း ၁၅၀ ဖြန့်ဖြူးပေးပြီး ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီးတွေကို သိန်း ၁၀ဝ ဖြန့်ဖြူးပေးနေပါတယ်။ ငါးသားပေါက် ထုတ်လုပ်တဲ့ လုပ်ငန်းက မျိုးငါးကို ညနေ ၆ နာရီနဲ့ ည ၁၂ နာရီမှာ တစ်ကြိမ်ဆီ ဆေးထိုးပြီးတာနဲ့ နောက်တစ်နေ့ နံနက် ၆ နာရီမှာ ဥချပြီး ညနေ ၆ နာရီမှာ အကောင်ပေါက်ပါတယ်။ ဒီအကောင်ပေါက်တွေကို ငါးရက်မြောက်နေမှာ မြေကန်ထဲမှာထည့်ပြီး ၂၁ ရက်ပြည့်တဲ့နေ့မှာ ရောင်းချလို့ရတဲ့ သုံးမတ်၊ တစ်လက်မနဲ့ တစ်လက်မခွဲအရွယ် ငါးသားပေါက်တွေကို ရရှိပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ရေနံ့သာ ငါးလုပ်ငန်းစခန်းသို့ စဉ့်ကိုင်မြို့နယ် တအုံကျေးရွာမှ ငါးသားပေါက်များ လာရောက်ဝယ်ယူသည့် ကိုကျော်သီဟကလည်း “ဒီစခန်းက ထုတ်လုပ်တဲ့ ငါးသားပေါက်တွေ ဝယ်ယူပြီး မွေးမြူတာ ဖြစ်ထွန်းမှုရှိပြီး အဆင်ပြေတဲ့အတွက် နှစ်စဉ် လာရောက်ဝယ်ယူပြီးမွေးခဲ့တာ သုံးနှစ်ရှိပါပြီ၊ ကျွန်တော်က ငါးမြစ်ချင်း၊ ရွှေဝါ၊ ခေါင်းပွ၊ ငွေရောင်ငါးမျိုးတွေကို အင်းတွေထဲမှာ မွေးတာပါ။ ငါးသားပေါက်ဈေးနှုန်းက လက်မအရွယ်အစားပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်တာဖြစ်ပါတယ်။ တစ်လက်မခွဲအရွယ်လောက်ကို မွေးမယ်ဆိုရင် ၈ လလောက်ဆိုရင် တစ်ကောင်ကို ၈၀ သားနဲ့ တစ်ပိဿာလောက် အရွယ်ရှိတဲ့ ငါးတွေ ရရှိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ ငါးသားပေါက်စခန်း ၂၇ ခုရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း၌ ငါးသားပေါက်စခန်း လေးခုရှိရာ အဆိုပါ စခန်းလေးခုမှ ယမန်နှစ်က ပုဂ္ဂလိက လုပ်ငန်းရှင်များကို ငါးသားပေါက် ရောင်းချပေးမှုအနေဖြင့် အကောင်ရေသိန်းပေါင်း ၁၄၂၀ နှင့် ဆည်ရေလှောင်တမံနှင့် သဘာဝရေပြင်များအား မျိုးစိုက်ထည့်ပေးမှု အကောင်ရေမှာ သိန်းပေါင်း ၄၆၀ ရှိရာ စုစုပေါင်း ငါးသားပေါက်ကောင်ရေ သိန်း ၁၈၈၀ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


