နေပြည်တော် ၂၈ မေ
စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ လူမှုဖူလုံရေးအဖွဲ့သည် ကိုဗစ်-၁၉ ကာလအတွင်း Quarantine ပြုလုပ်ထားသူ အာမခံအလုပ်သမားများအား အသွားအလာကန့်သတ်၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ကာလကို မကျန်းမာမှုဆေးခွင့်အဖြစ်သတ်မှတ်၍ လည်းကောင်း၊ အာမခံအလုပ်သမားကိုယ်ဝန် ဆောင်မိခင်များအား တစ်ကြိမ်လျှင် (၈)ပတ်မှ အများဆုံး(၂၆)ပတ်အထိ မကျန်းမာမှုဆေးခွင့်အဖြစ် သတ်မှတ်ပေးကာ ထည့်ဝင်ကြေးလစာ၏ ၆၀ ရာခိုင်နှုန်း အားငွေကြေးအကျိုးခံစားခွင့်အဖြစ် ထုတ်ပေးရန်အတွက် ညွှန်ကြားချက်ထုတ်ပြန်၍ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။
၂၀၂၀ ပြည့်နှစ်၊ မေလ (၂၇)ရက်ထိ စာရင်းများအရ Quarantine ပြုလုပ်ထားသူ အာမခံအလုပ်သမား (၈၈၅)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၅၇၁၀)ဦးရှိသည့်အနက် Quarantine ပြုလုပ်ထားသူ (၂၁၂)ဦးအား ငွေကြေးအကျိုးခံစားခွင့် ငွေကျပ် ၉,၉၀၁,၆၃၁ နှင့် ကိုယ်ဝန်ဆောင်မိခင် (၅၆) ဦးအား ငွေကျပ် ၆,၄၆၃,၉၅၀ တို့ကို ခွင့်ပြုခဲ့ပြီးဖြစ်သည်။
စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ မကျန်းမာမှုဆေးခွင့်ခံစားနေသော Quarantine ပြုလုပ်ထားသူ အာမခံအလုပ်သမားများနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် မကျန်းမာမှု အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းကို ထုတ်ယူနိုင်ရန်အတွက် သက်ဆိုင်ရာမှထုတ်ပေးသော Quarantine ရက်ပြည့်ပြီးကြောင်း ထောက်ခံချက်၊ လူမှုဖူလုံရေးဆေးခန်းများမှ ထုတ်ပေးသော ဆေးသက်သေခံ လက်မှတ်နှင့်အတူ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ဆက်သွယ်၍ ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်


