နေပြည်တော် ၂၈ မေ
Corona virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူရှင်များက ဆေးရုံသုံး စက်ပစ္စည်းကိရိယာများကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ လာရောက်လှူဒါန်းရာ Corona virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား Rotary Club of Central Yangon ၏ ဥက္ကဋ္ဌ ဦးထက်ညီက Rotary Club of Central Yangon သည် ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး ကဏ္ဍများတွင် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်စဉ်၌ မိမိတို့အနေဖြင့် ဆေးရုံများတွင် လူနာများအား ကုသမှုပေးရာတွင် အသုံးပြုရန် စက်ပစ္စည်းကိရိယာများ လာရောက်လှူဒါန်းခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဆေးရုံသုံးစက်ပစ္စည်းကိရိယာများ လှူဒါန်းမှုသည် ကိုဗစ်-၁၉ လူနာများအတွက်သာမက အခြားရောဂါဖြင့် ကုသမှုခံယူရသော လူနာများအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သဖြင့် ရေရှည်အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ယခုအချိန်တွင် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့အစည်းများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယနေ့လှူဒါန်းမှုတွင် Rotary Club of Central Yangon (District 3350) မှ အမေရိကန်ဒေါ်လာ (၅၀,ဝ၀ဝ) တန်ဖိုးရှိသည့် Patient Monitor (၅၉) ခု၊Rotary Club of Central Yangon (District 3350), District 2570, Rotary Club of Kawagoe and Rotary Club of Honjo Minami တို့မှ အမေရိကန်ဒေါ်လာ (၆၁,၅၀ဝ) တန်ဖိုးရှိ Syringe Pump (၁၁၅) ခု၊ Rotary Club of Central Yangon (District 3350) နှင့် District 3630 တို့မှ အမေရိကန်ဒေါ်လာ (၆၀,ဝ၀ဝ) တန်ဖိုးရှိ Patient Monitor (၇၄) ခုတို့အား လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လာရောက်လှူဒါန်းမှုကို လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထိုသို့လှူဒါန်းမှုတွင် တိုင်းရင်းသား လူမျိုးများရေးရာ၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး + ဒေါ်တိုးတိုးသူ မိသားစု၊ ဒေါ်အေးမြင့်ဦး၊ ဒေါ်အေးချစ်ဦး၊ ဒေါက်တာသီသီဦးနှင့် ဒေါ်စီစီဦးတို့က ငွေကျပ် (၁၅) သိန်းကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်