ဒါကာ ၂၈ မေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၂၉ ဦး ထပ်မံစမ်းသပ်တွေ့ရှိခဲ့ရာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန် မတ် ၈ ရက်ကတည်းက တစ်ရက်တည်းအတွင်း ရောဂါကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ယနေ့ပြောကြားသည်။
တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၂၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ ပေါင်း ၄၀၃၂၁ ဦးရှိလာကြောင်း သိရသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ၁၅ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၅၅၉ ဦးအထိရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ပါမောက္ခနာဆီမာ ဆူလ်တနာက အွန်လိုင်းပေါ်မှတစ်ဆင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ယနေ့ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရန်အတွက် ရောဂါစမ်းသပ်စစ်ဆေးမှုကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိရာ နိုင်ငံတစ်ဝန်းတွင် ၂၄ နာရီအတွင်း လူ ၉၃၁၀ ဦးတို့၏ နမူနာကို ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အတူ ရောဂါကူးစက်ခံရသူ ၅၀ဝ ဦးသည် တစ်ရက်အတွင်း ရောဂါကင်းစင်ပြီး ဆေးရုံများမှ ပြန်ဆင်းခဲ့ကြရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာသူပေါင်း ၈၄၂၅ ဦးရှိလာကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ