(၁)    တီဗီဖန်သားပြင်နဲ့ နီးကပ်စွာထိုင်ပြီး တီဗီကြည့်ခြင်းဟာ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်

 

မှားပါတယ်။ စခရင်တွေကို နီးကပ်စွာကြည့်ခြင်းဟာ ကြာလာတဲ့အခါမှာ ခေါင်းကိုက်ခြင်းကို ဖြစ်လာစေနိုင် ပါတယ်။ အမြင်အာရုံကို ထိခိုက်စေနိုင်ခြင်းတော့ မရှိပါဘူး။ အထူးသဖြင့် အဝေးမှုန်တဲ့ ကလေးတွေဟာ တီဗီ၊ ကွန်ပြူတာတို့ကို နီးကပ်စွာ ကြည့်တတ်ကြပါတယ်။ ဒီလိုလုပ်မယ့်အစား မျက်မှန်တပ်လိုက်ခြင်းက ပိုလို့ အဆင်ပြေစေမှာပါ။

 

(၂)    အမှောင်ထဲ စာဖတ်ခြင်းဟာ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်

 

မှားပါတယ်။ တီဗီကို နီးကပ်စွာကြည့်ခြင်းလိုပါပဲ။ သေသေချာချာ မမြင်ရတဲ့အခါ အာရုံစူးစိုက်စွာ ဖတ်ရှုရတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ခေါင်းကိုက်လာမှာပါ။ အမြင်အာရုံကို ဆိုးရွားစွာ ထိခိုက်နိုင်ခြင်းမျိုးတော့ မရှိပါဘူး။

 

(၃)    မျက်မှန်၊ မျက်ကပ်မှန်တွေ တပ်ဆင်ခြင်းကြောင့် အမြင်စွမ်းအားကို လျော့နည်းစေလာပြီး မျက်လုံးဟာ ထိုအရာတွေကို အမှီသဟဲပြုပြီးမှပဲ မြင်နိုင်ပါတော့တယ်။

 

မှားပါတယ်။ မှန်ကန်တဲ့မျက်မှန်၊ မျက်ကပ်မှန်တွေကို တပ်ဆင်ခြင်းဟာ အမြင်အာရုံကို ပိုမဆိုးရွားသွား စေနိုင်ပါဘူး။ မျက်မှန်တပ်ပါလျက်နဲ့ ပါဝါတိုးလာရခြင်းဟာ ရောဂါတစ်ခုခု (မျက်လုံးနဲ့ ပတ်သက်ပြီး အခြေအနေ တစ်ခုခု) ရှိတာဖြစ်နိုင်သလို အသက်အရွယ် ရလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

(၄)    မျက်လုံးစောင်းနေသူ၊ ကလေးတွေကို ဆေးကုသလို့ ရနိုင်ပါတယ်။

 

မှန်ပါတယ်။ အခြေအနေသိပ်မဆိုးတဲ့ ကလေးတွေမှာဆိုရင်တော့ ငယ်ရွယ်စဉ်အချိန်မှာ ဆေးကုသမှု ခံယူလို့ရနိုင်ပါတယ်။ ဒီထက် ပိုလို့ဆိုးရွားတဲ့ အခြေအနေ ဖြစ်မလာအောင် အမြန်ဆုံး မျက်စိစမ်းသပ်ဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် မိမိကလေးကို ငယ်ရွယ်စဉ်အခါမှာ မျက်စိစမ်းသပ်မှု ပြုလုပ် သင့်ပါတယ်နော်။

 

(၅) အမြင်အာရုံ တစတစနဲ့ ထိခိုက်ပျက်စီးလာခြင်းအတွက် ကြိုတင်မကာကွယ်နိုင်ပါဘူး

 

မှားပါတယ်။ လက္ခဏာတွေမဆိုးရွားခင် အခြေအနေတွေမှာဆိုရင် ကာကွယ်လို့ရပါတယ်။ (ဥပမာ- အမြင်အာရုံ ဝေဝါးခြင်း၊ မျက်လုံးကိုက်ခဲခြင်း၊ အလင်းစူးစူးကို မခံနိုင်ခြင်း၊ မျက်စိရှေ့မှာ အမဲစက်လေး တွေ ပျံဝဲနေတာကို မြင်နေရခြင်း) စတဲ့လက္ခဏာတွေရှိလာရင် မျက်စိအထူးကု ဆရာဝန်ဆီ သွားရောက်လို့ စမ်းသပ်ပါ။ စောစီးစွာ စမ်းသပ်ကုသမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အမြင်အာရုံ ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မှာပါ။ ရောဂါအမျိုးအစားပေါ်တော့ မူတည်နိုင်ပါတယ်။

 

(၆)    ညအိပ်မီး (ဥပမာ–အဝါရောင်မီးလုံး၊ အပြာရောင် မီးလုံး)တွေကို ဖွင့်ထားခြင်းဟာ သင့်ကလေး ကို အဝေးမှုန်စေနိုင်တယ်။

 

မှားယွင်းပါတယ်။ ညအိပ်မီးလုံးလေးတွေ ထွန်းကာ အိပ်စက်စေခြင်းဟာ အဝေးမှုန်တစ်ယောက်ဖြစ်လာ စေတယ်လို့ ထင်မှားနေကြပါတယ်။တကယ်တော့ သင့်ကလေးရဲ့ အခန်းထဲမှာ ဒီလိုညအိပ် မီးလုံးလေး တွေ ထားပေးထားခြင်းဟာ အာရုံစူးစိုက်မှုကို ပိုလို့တောင် ကောင်းစေနိုင်ပါသေးတယ်။

 

(၇)   နေရောင်ခြည် စူးစူးကို တိုက်ရိုက်ကြည့်ခြင်းဟာ အမြင်အာရုံကို ပျက်စီးစေနိုင်တယ်

 

 

ဒီအချက်ဟာ အမှန်ပါပဲ။ နေကိုကြည့်ခြင်းဟာ ခေါင်းကိုက်စေရုံသာမက အမြင်ကို ခဏတာ ပြတ်တောက် သွားစေပါတယ်။ ဒါတင်မကသေးပါဘူး။ သင့်ရဲ့ မျက်လုံးထဲမှာရှိတဲ့ မြင်လွှာကိုလည်း ထာဝရ ပျက်စီးသွားနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာလည်း မျက်လုံးထဲကိုဝင်ရောက်ပြီး အတွင်းတိမ်၊ ရေတိမ်နဲ့ အခြားအမြင်အာရုံပျက်စီးမှုတွေလည်း ဖြစ်နိုင်ပါသေးတယ်။ နေရောင်ခြည်ကို တိုက်ရိုက်ကြည့်ဖို့  လုံးဝမသင့်တော်တဲ့ အချိန်တွေကတော့ နေ့လယ်ခင်းနဲ့ နေကြတ်ချိန်တွေမှာပါပဲ။ နေရောင်ခြည် တိုက်ရိုက် ထိတွေ့ပြီး မျက်လုံးမထိခိုက်ရအောင်လို့ နေပူထဲထွက်တဲ့အခါ နေကာမျက်မှန် တပ်ဆင်သွားသင့်ပါတယ်။

 

(၈) ဆေးအမျိုးအစားအချို့ကြောင့် မျက်လုံးဟာ နေရောင်ခြည်ကို ပိုမိုပြီး အထိမခံ ဖြစ်လာ နိုင်စေပါတယ်။

 

မှန်ပါတယ်။ ပိုးသတ်ဆေးအချို့၊ သန္ဓေတားဆေးများ၊ သွေးထိန်းဆေး၊ ဆီးဆေးနဲ့ သွေးတွင်း သကြားဓာတ် ထိန်းညှိ ပေးတဲ့ ဆေးတွေကို စွဲသောက်နေရသူတွေရဲ့ မျက်လုံးဟာ အလင်းရောင်ကို အထိမခံနိုင်ဘဲ ထိလွယ် ရှလွယ်လာတတ်ပါတယ်။

 

(၉)    မုန်လာဥနီစားပေးခြင်းဟာ အမြင်အာရုံကို အားကောင်းစေပါတယ်

 

မှန်ပါတယ်။ မုန်လာဥနီမှာ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်အေဟာ အမြင်အာရုံ အတွက် အထူးကောင်းမွန်ပါတယ်။ ဒါပေမယ့် ဗီတာမင် အေကို မုန်လာဉနီမှာပဲ ပါတာမဟုတ်ပါဘူး။ ကြက်ဥ အနှစ်၊ အသည်း၊ ချိစ်နဲ့ နို့ထွက်ပစ္စည်းတွေကို စားခြင်းဖြင့်လည်း ဗီတာမင်ကို ရရှိနိုင်ပါ သေးတယ်။

 

ရေးသားသူ-ဒေါက်တာမှူးခင်

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Dr. Thiha Phyo Myint

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”