မကွေး   ၂၉ မေ

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၂)ခုတွင် မေ ၂၇ ရက် မွန်းလွဲပိုင်းမှ စတင်၍ မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းနှင့် လူနေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးမြို့နယ်မှ ကျေးရွာ အုပ်စု (၃)အုပ်စုတွင် ပြိုကျနေအိမ်(၂)လုံး၊ ဘုန်းကြီးကျောင်း(၁) ကျောင်း၊ ဓမ္မာရုံ(၁)ရုံ၊ နေအိမ် (၈)လုံး၊ ရေနံချောင်းမြို့နယ်တွင် ပြိုကျနေအိမ်(၂)လုံး၊ နေအိမ် (၂၅)လုံး၊ ချောက်မြို့နယ်တွင် ပြိုကျနေအိမ် (၅)လုံးနှင့် လူနေအိမ် (၄၅) လုံး၊ နတ်မောက်မြို့နယ် ဆုံကုန်းကြီးကျေးရွာအုပ်စု၊ အိုင်မကျီး ကျေးရွာတွင် လူနေအိမ် (၈)လုံး၊ မြို့သစ်မြို့နယ်တွင် လူနေအိမ် (၃)လုံး၊ မင်းဘူးမြို့ (စကု)မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြိုကျနေအိမ် (၂) လုံး၊ လူနေအိမ် (၂၆) လုံး၊ စလင်း မြို့နယ်တွင် လူနေအိမ် (၂) လုံး၊ ဓမ္မာရုံ (၁)လုံး၊ ပခုက္ကူမြို့နယ်တွင် လုံခြုံရေးအဆောက်အဦ (၁) လုံး၊ လူနေအိမ်( ၁၂ ) လုံး၊ ပေါက်မြို့နယ်၊  ကျေးရွာအုပ်စု (၂) အုပ်စုတွင် လူနေအိမ်(၂)လုံး၊ မြိုင်မြို့နယ်၊ ကျေးရွာအုပ်စု (၂)အုပ်စုတွင် လူနေအိမ် (၁) လုံးနှင့် စာသင်ကျောင်း (၁) ကျောင်း၊ ဆိပ်ဖြူမြို့နယ် မြင်ကဝ ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာတွင် လူနေ အိမ်(၁)လုံး၊ ကျောက်ထု ဒေသ၊ ကံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ဝန်ထမ်းအိမ်ယာ (၁)လုံး၊ စုစုပေါင်း လူနေအိမ် (၁၀)လုံး ပြိုကျခဲ့ပြီး၊ လူနေအိမ် (၁၃၄)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ ဓမ္မာရုံ (၂)လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ လုံခြုံရေးအဆောက်အဦ (၁)လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သော လေဘေးသင့်နေအိမ်များနှင့် အဆောက်အဦများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကူညီဆောင်ရွက်လျက် ရှိကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

 

ပပသင်း(ပြန်/ဆက်)