မန္တလေး ၂၉ မေ
အထက်မြန်မာပြည်အတွက် သိုလှောင်ရန် နိုင်ငံတော်အရေးပေါ် ရိက္ခာ ဆန် အိတ်ခြောက်သောင်း အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေး ရာဦးစီးဌာနပိုင် ကျောက်ဆည်မြို့နှင့် မန္တလေးမြို့ရှိ မြို့ဟောင်းသိုလှောင်ရုံတွင် လက်ခံသိုလှောင်ထားရှိ သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအရေးပေါ်ရိက္ခာဆန်များ လက်ခံ၊ သိုလှောင်ရေးကြီးကြပ်မှု အဖွဲ့မှ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် အရေးပေါ် ရိက္ခာဆန် စနစ်တကျလက်ခံသိုလှောင်နိုင်မှုအနေဖြင့် ကျောက်ဆည်မြို့၊ ဖောင်ရွာ၊ ရွာသစ်ရပ်ရှိ စားသုံးသူ ရေးရာဦးစီးဌာနပိုင် သိုလှောင်ရုံတွင် မေလ၃ရက် နေ့က စတင်လက်ခံဆောင်ရွက်ခဲ့ပြီး မေလ၂၆ရက်နေ့အထိ သိုလှောင်ရုံ လေးခုတို့တွင် ဝင်ဆံ့နိုင်သည့် ပမာဏ ဆန်အိတ် ၅၀၅၉၉ အိတ် လက်ခံသိုလှောင်ထားရှိကာ ကျန်ရှိဆန်အိတ် ၉၄၀၁ အိတ်အား မန္တလးမြို့ အမရပူရမြို့နယ် မြို့ဟောင်း သိုလှောင်ရုံ ၂ဝ ရှိ သိုလှောင်ရုံအမှတ်၅တွင် မေလ၂၈ရက် နေ့မှစ၍ စနစ်တကျ လက်ခံသိုလှောင်ထားရှိလျက်ရှိသည်။
"ကိုဗစ်-၁၉ ရောဂါဖြစ်လာတဲ့အခါ လိုအပ်လာလျှင် ပြည်သူလူထုတွေ စားရေးရိက္ခာအခက်အခဲ ဖြစ်လာခဲ့ရင် ဖြန့်ဝေ ပေးဖို့အတွက် အရေးပေါ်ရိက္ခာဆန်တွေ စနစ်တကျလက်ခံသိုလှောင်ထားရှိနေ ပါတယ်၊ အရေးပေါ် ရိက္ခာဆန်ကို နိုင်ငံတော်က ဝယ်ယူတဲ့အခါမှာ ပြည်ပကိုတင်ပို့နေသည့် ဆန်တွေထဲ က တစ်ဆယ်ရာခိုင်နှုန်း လက်ခံ ဝယ်ယူတာဖြစ်ပါတယ်၊ မန္တလေးတိုင်းဒေသကြီးအနေနဲ့ ကျောက်ဆည် မြို့မှာ သိုလှောင်ရုံလေးလုံး ဆန်အိတ်ငါးသောင်းကျော်သိုလှောင်ထားပြီးဖြစ်တယ်၊ အဲဒီမှာပြည့်သွားတဲ့ အခါ မန္တလေးမြို့ရှိ မြို့ဟောင်းသိုလှောင်ရုံမှာ ဆန်အိတ်ကိုးထောင်ကျော်ကို ဆက်ပြီးလက်ခံ သိုလှောင် သွားမှာပါ "ဟု မန္တလေးတိုင်းဒေသကြီး အရေးပေါ်ရိက္ခာဆန်များ လက်ခံ၊ သိုလှောင်ရေးကြီးကြပ်မှုအဖွဲ့ ခေါင်းဆောင် မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးက ပြောသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားလာပါက တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နိုင်ငံတော် အစိုးရက နိုင်ငံသား များအား နိုင်ငံတော်ရိက္ခာအဖြစ် ဖြန့်ဝေနိုင်ရန် အရေးပေါ်ရိက္ခာဆန်တန်ချိန် ငါးသောင်းနှင့် စားအုန်းဆီ တန်ချိန် တစ်သောင်းနှစ်ထောင် ဝယ်ယူသိုလှောင်ထားရှိသွားမည်ဖြစ်သည်။
နိုင်ငံတော်အရေးပေါ်ရိက္ခာဆန်များကို ထားရှိသိုလှောင်သွားရခြင်းမှာ ပြည်တွင်းဆန်ဈေး တည် ငြိမ်ပြီး စားသုံးသူပြည်သူများဖိစီးမှုမဖြစ်စေရန်၊ ဈေးနှုန်းကျဆင်းပါက တောင်သူလယ်သမားများ စိုက်ပျိုး ထုတ်လုပ်မှုကို မထိခိုက်စေရန်နှင့် ပြည်တွင်းဆန်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်ပေါ်လာလျှင် အရေးပေါ် ဆန်မှ အခြေခံလူတန်းများသို့ သင့်တင့်သော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးရန်၊ သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့ပါလျှင် အဆိုပါဒေသများရှိ ပြည်သူများကို အဓိကစားနပ်ရိက္ခာဖြစ်သော ဆန်ဖြန့် ဖြူးထောက်ပံ့သွားနိုင်ရန်၊ စပါးရာသီကုန်ဆုံးပြီး နောက်စပါးအသစ်ပေါ်ထွက်လာပါက နိုင်ငံတော်အရေး ပေါ် ရိက္ခာဆန်အဖြစ်သတ်မှတ်ထားသည့် အရေးပေါ်ဆန်များကို ပုဂ္ဂလိကပို့ကုန်လုပ်ငန်းရှင်များက ကြားခံ၍ ပြည်ပသို့တင်ပို့သွားနိုင်ရန်၊ နိုင်ငံတော်အရေးပေါ်ဆန်ထားရှိသည့်အတွက် တည်ငြိမ်မှု ရှိလာမည်ဖြစ်၍ ပြည်ပတင်ပို့မှုကို အထောက်အကူဖြစ်စေပြီး မလိုလားအပ်သော ကိစ္စရပ်များ ပေါ်ပေါက်မှု မရှိစေရန်၊ အာဆီယံဒေသအတွင်း အရေးပေါ်ဆန်ထားရှိခြင်းကို အထောက်အကူပြု စေရန်နှင့် အဖွဲ့ဝင်နိုင်ငံများ အရေးပေါ်လိုအပ်ချက်များရှိလာပါက လိုအပ်သလို စီမံဆောင်ရွက် ပေးနိုင်ရန် ရည်ရွယ်သည်။
စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအကျိုးအမြတ်ရရှိနိုင်ရန်နှင့် ပြည်သူများစိတ် လက်ချမ်းသာစွာ ဝယ်ယူစားသုံးနိုင်ရန် နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများဖြစ်ပေါ်လာပါက လိုအပ်သလို ထုတ်နုတ်သုံးစွဲနိုင်ရန်အတွက် နိုင်ငံတော်အရေးပေါ်ရိက္ခာဆန်များကို ဝယ်ယူသိုလှောင် ခြင်းဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင် အရေးပေါ်ရိက္ခာဆန်များ လက်ခံ သိုလှောင်ဖြန့်ဖြူးရေး အဖွဲ့များ ဖွဲ့စည်းထားပြီး အရေးပေါ်ရိက္ခာဆန်များလက်ခံခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများစဉ်များ စနစ်တကျရှိစေရေးနှင့် လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးတို့ အတွက် ညွှန်ကြားချက်များလည်းထုတ်ပြန်ထားသည်။
ထိပ်ထားနိုင်


