ဟားခါး ၂၉ မေ
ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည်လုပ်ငန်း စစ်ဆေးရေးအဖွဲ့များ၊ မြို့မိမြို့ဖများနှင့်အတူ မေလ ၂၇ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း(ဟားခါး)သို့ ရောက်ရှိပြီး သင်တန်းကျောင်းဝန်းအတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးသည် သင်တန်းကျောင်း ပင်မအဆောင်သို့ရောက်ရှိရာ ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောနေမင်းထွန်းက သင်တန်းကျောင်း စာသင်ဆောင် အတွင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် သင်တန်းကျောင်းဝန်း အတွင်း ဆောက်လုပ်လျက်ရှိသော လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် လုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးနှင့် အလုပ်သမားများအား COVID-19ရောဂါကာကွယ်နိုင်ရေး စနစ်တကျထား ရှိဆောင်ရွက် ရန်လမ်းညွှန်မှာကြားခဲ့ပါသည်။
အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း(ဟားခါး)တွင် စာသင်ဆောင် ၂ ထပ် အဆောက်အအုံ အပြင် မိုးလုံလေလုံ အားကစားရုံ(၂)ခု၊ မြှားပစ်လေ့ကျင့် ရေးကွင်း၊ စားရိပ်သာဆောင်၊ ဒုတိယကျောင်းအုပ်ကြီး နေအိမ်၊ ဝန်ထမ်းအိမ်ရာတို့ပါရှိပြီး လုပ်ငန်းများအားလုံး၏ ၇၀ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း၊ ချင်းပြည်နယ်၏ ပထမဦးဆုံး သော အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတစ်ခုဖြစ်ကြောင်း၊ ဟားခါးမြို့၏ မြောက်ဘက် မြို့ဟောင်းရပ်ကွက် ဟိုင်တလန်အနီးတွင်ရှိသည့် မြေဧက ၅၆.၉၄ပေါ်တွင် တည်ဆောက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေမှ လုပ်ငန်း ၁၁ခုအတွက် ကျပ်သန်း ၂၀ဝ၀၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ၁၄ ခုအတွက် ကျပ် ၃၄၂၅.ဝ၁၈ သန်းဖြင့် တည်ဆောက်လျက်ရှိပါကြောင်း၊ လုပ်ငန်းအားလုံးကို ၂၀၂၀ခု စက်တင်ဘာလတွင် အားလုံးပြီးစီးမည် ဖြစ်ကြောင်း၊ ၂၀၂၁ခု ဇွန်လ ၁ရက်နေ့မှ စ၍ ချင်းပြည်နယ်အတွင်း မြို့နယ်များမှ သင်တန်းသား ၆၀ဦး၊ သင်တန်းသူ ၆၀ဦး ရွေးချယ်ပြီး အားကစားနည်း ၅မျိုး ဖြင့် သင်တန်းဖွင့်လှစ်ရန် လျာထားလျက် ရှိကြောင်း ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောနေမင်းထွန်း ထံမှ သိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


