ရွှေတောင်    ၂၉    မေ              

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာအုပ်စု မဟာစင်္ကြာပါဒ နန်းဦး ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော (၁၀၈)တောင်မြင့်စေတီတစ်ဆူမှာ ယမန်နေ့ နံနက်ပိုင်း ၁၁ နာရီခန့်က လေဒဏ်မိုးဒဏ်ကြောင့်မြေခပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

 

စေတီတော် ပြိုကျပျက်စီးရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ ရဲမှူးမောင်မောင်မြင့်၊ မယားမာန် အုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတီတော် ဂေါပက အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ကျောင်းထိုင်ဆရာတော် ဦးသုန္ဒရ၏မိန့်ကြားချက်အရ အဆိုပါ စေတီသည် မြန်မာသက္ကရာဇ် (၁၃၄၀) ခုနှစ်ခန့်က တည်ထားကိုးကွယ်ခဲ့ရာ စေတီတော်မှာ လှိုင်ဂူစေတီတော် တစ်ဆူဖြစ်၍ နှစ်ပေါင်း (၄၁)နှစ်ခန့်ရှိပြီး မူလကပင် အက်ကွဲကြောင်းများ ပေါ်ပေါက်နေသည့်အတွက် မိုးရွာသွန်းပြီး လေအနည်းငယ် တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

 

ပြိုကျပျက်စီးမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အဆောက်အဦးများ ဖယ်ရှားရှင်းလင်းခြင်းများကို နယ်မြေ ခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

 

စေတီတော် ပြိုကျမှုမှ ဓာတ်တော်၊ မွေတော်၊ ဌာပနာတော်ပစ္စည်းများ ရှာဖွေတွေ့ရှိပါက စနစ်တကျမှတ်       တမ်း ပြုစုဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စေတီပြိုကျမှုကြောင့် သံဃာ၊ လူနှင့်တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။                                                        

 

ကိုကိုမင်း(ပြန်/ဆက်)