ရန်ကုန် မေ ၂၉

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၃)ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ ရေကြောင်းရဲတပ်ဖွဲ့စု (ရန်ကုန်) မှ ရန်ကုန်မြစ် တွင်းသွား စက်တပ်သမ္ဗန်များ ရေကြောင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို မေ ၂၈ ရက် နံနက် ၁၀ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သမဝါယမအသင်းလီမိတက်ပိုင် ကမာကဆစ် ကူးတို့ဆိပ်ရှိ ရေယာဉ်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေကြောင်းရဲတပ်ဖွဲ့စု(ရန်ကုန်) မှ ရဲမှူး မင်းအေးနိုင်ဦး က မိုးကြိုကာလအတွင်း ဖြစ်ပွားတတ်သော ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရာသီဥတုဆိုးရွားချိန်၌ လှိုင်းကြီး ချိန်များတွင်   မြစ်တွင်းသွား စက်တပ်သမ္ဗန်များ မောင်းနှင်ကြသည့် ရေယာဉ်မောင်းနှင်သူများအနေဖြင့် သွားလာရန် အလျင်မလိုစေရေးနှင့်  ရာသီဥတုကောင်းမွန်သည့် အချိန်ထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ သမ္ဗန်မောင်းနှင်သူများ အနေဖြင့် အရက်သေစား သောက်စားမူးယစ်ပြီး မောင်းနှင်ခြင်း မပြုလုပ်ရန်နှင့် တွေ့ရှိပါက တိုင်ကြားသတင်းပေး ရမည်ဖြစ်ကြောင်း၊ ရေယာဉ်မောင်းနှင်သူနှင့် ခရီးသည်များ အသက်အန္တရာယ် လုံခြုံရေးအတွက် အသက်ကယ် အင်္ကျီဝတ်ဆင်ရန်လိုအပ်ပြီး အသက်ကယ်ဗောကွင်းများ တပ်ဆင်ခြင်းနှင့် အချက်ပြ မီးများကို တပ်ဆင်ထားကြရန်၊ အထူးသဖြင့် ဒလတံတားတည်ဆောက်ရေး စီမံကိန်းဧရိယာအတွင်းသို့ စက်တပ်သမ္ဗန်များ ဝင်ရောက်ပြေးဆွဲခြင်း မပြုလုပ်ရန်၊ ရေကြောင်းရဲတပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးဌာနခွဲ အနေဖြင့် စပိဘုတ်ဖြင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ   မြစ်အတွင်း အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ရေကြောင်း ရဲတပ်ဖွဲ့ရုံးသို့ အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ကြောင်း ပညာပေး ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ငြိမ်းက ဒလမြို့နယ်အတွင်းရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ် (၁၁)ဆိပ်ရှိ မြစ်တွင်းသွား စက်တပ်သမ္ဗန်များ ရေယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာသို့  မြို့နယ်စက်တပ်သမ္ဗန်ကူးတို့ဆိပ် (၁၁)ဆိပ်ရှိ ရေယာဉ် ဥက္ကဌများ နှင့် ရေယာဉ် မောင်းနှင်သူများ တက်ရောက်ခဲ့ကြသည်။

 

ထို့နောက် အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ ရေကြောင်းရဲတပ်ဖွဲ့စု(ရန်ကုန်) မှ ရဲမှူး မင်းအေးနိုင်ဦး နှင့် တာဝန်ရှိ သူများသည် မြစ်တွင်းသွား စက်တပ်သမ္ဗန်မောင်းနှင်သူများနှင့် ခရီးသည်များကို ရေကြောင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများကို ကမာကဆစ် ကူးတို့ဆိပ်ကမ်းနှင့် ကမာကသွယ်ကူးတို့ဆိပ်ကမ်းတို့၌ အခမဲ့ပေးဝေပြီး ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။ 

 

 

ရန်ကုန်မြစ်တွင်း သွားလာနေကြသော ပြည်သူများအနေဖြင့် သမ္ဗန်မောင်းနှင်သူများအား အရက်သေစား သောက်စားမောင်းနှင်ခြင်းနှင့် မြစ်အတွင်း အခြားရေယာဉ်များနှင့် တိုက်မိနိုင်သည်ဟု ယူဆပါက သမ္ဗန်မောင်းသူအား သတိပေးရန် နှင့် အခြားရေယာဉ် ဘေးအန္တရာယ် ကြုံတွေ့ခြင်းနှင့် မြင်တွေ့ပါက ရေကြောင်းရဲတပ်ဖွဲ့ ဖုန်း ဝ၁၉-၅၅၅၀ဝ၆၊ ၅၅၅၆၈၆ နှင့် ဝ၁-၂၃၁၆၉၈၀ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရှိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)