ရန်ကုန် ၂၉ မေ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး မုခ်ဦးရှေ့၌ ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၏ အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ် စွမ်းရည် သရုပ်ပြနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ အဝေးထိန်းစက်ရုပ် မီးသတ်ယာဉ် LUF-60(Robotic Fire Fighting Vehicle)သည် ပိုလန်နိုင်ငံထုတ်ယာဉ်အမျိုးအစားဖြစ်ပြီး စက်သုံးဆီသိုလှောင်ကန်ကြီးများ မီးလောင်မှု၊ ရေနံထွက် ပစ္စည်းထုတ် စက်ရုံ/အလုပ်ရုံများနှင့် သိုလှောင်ရုံများ မီးလောင်မှု၊ အထပ်မြင့်အဆောက်အအုံများရှိ Basement Car parking များအတွင်း မီးလောင်မှုများနှင့် လူနေအိမ်အဆောက်အဦးအများအပြား မီးလောင်မှုများတွင် ထိရောက်စွာ ချဉ်းကပ်ငြှိမ်းသတ်နိုင်ခြင်း၊ မီးခိုးငွေ့နှင့် အဆိပ်ငွေ့များထူထပ်သိပ်သည်းစွာ ပိတ်မိနေသော မီးလောင်မှုကြီးများတွင် မီးခိုးငွေ့နှင့် အဆိပ်ငွေများကို အလျင်အမြန်ရှင်းလင်း ဖယ်ရှားနိုင်ခြင်း၊ အောက်ဆီဂျင် ပြတ်တောက်နေသော နေရာများတွင် အောက်ဆီဂျင် ထည့်သွင်းပေးနိုင်ခြင်း၊ အပူလိုင်းဖြတ်၍ ရာသီဥတု ပူပြင်းလွန်းသည့် ကာလများတွင် ရေမှုန်ရေမွှားဖြင့် အအေးပေးပြီး အပူရှိန်လျှော့ချပေးခြင်းအပြင် (၃) တန် အလေးချိန်ရှိယာဉ်များကိုလည်း အလွယ်တကူ စွဲထုတ်နိုင်ခြင်း၊ ၆၀ဝ ကီလိုဂရမ် အလေးချိန်ရှိ အရာဝတ္ထုပစ္စည်းများကိုပါ အလွယ်တကူ မ,တင်ဖယ်ရှားခြင်း လုပ်ငန်းများကို အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်၍ လျင်မြန် ထိရောက်စွာ လုပ်ဆောင်နိုင်ကြောင်း သိရသည်။
အဆိုပါ အဝေးထိန်း စက်ရုပ်မီးသတ်ယာဉ် LUF-60 (Robotic Fire Fighting Vehicle)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၄၂၈၄ ဖြင့်အကုန်ကျခံ ဝယ်ယူပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်( ပြန်/ဆက်)


