ကော့ကရိတ် ၂၉ မေ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း အကျိုးဆောင် တောင်သူများအား ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနအစီစဉ်ဖြင့် ပြည်နယ်အရန်စပါး မျိုးကောင်းမျိုးသန့် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ တစ်နာရီခွဲက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်သူးလေထီးက ကိုဗစ်-၁၉ ကာလအတွင်း မျိုးစပါး ထောက်ပံ့ပေးခြင်းနှင့် ပတ်သက်၍ မျိုးကောင်းမျိုးသန့်များကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာများရယူခြင်း၊ တောင်သူလယ်သမားများ ရုပ်သံလိုင်းမီဒီယာများ ကြည့်ရှု့ခြင်း၊ မိုးလေဝသသတင်းများ နားထောင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်နိုင်က ကိုဗစ်-၁၉ ကာလအတွင်း မျိုးစေ့ထုတ် လုပ်ငန်းများ စိုက်ဧက မလျော့စေရန် ယခုလို မျိုးကောင်းမျိုးသန့် မျိုးစေ့များကို အကျိုးဆောင် တောင်သူများအား ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ မျိုးစေ့များကို စနစ်တကျစိုက်ပျိုးပြီး အကျိုးဆောင်တောင်သူများမှတစ်ဆင့် တောင်သူအများစုကို မျိုးကောင်းမျိုးသန့်များ ပြန့်ပွားစေလိုကြောင်း ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ကိုက်ညီမည့် စိုက်ပျိုးနည်းစနစ် အကြောင်းအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ရာ ကော့ကရိတ်မြို့ပေါ်ရပ်ကွက် ကျေးရွာအုပ်စု (၆၄) အုပ်စုမှ အကျိုးဆောင် တောင်သူ (၁၉၂) ဦးအား မနောသုခ မျိုးစပါး တင်း (၂၀၀)၊ ဆင်းသုခ မျိုးစပါးတင်း (၂၀၀)၊ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခင်မျိုးဝင်း (ခရိုင်ပြန်ဆက်)