ကျွန်းစု ၂၉  မေ 

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ယနေ့နံနက် ၁၀ နာရီက ကျွန်းစုမြို့နယ်၊ ကျွန်းရတနာခန်းမတွင် ရိက္ခာ ခြောက်မျိုး ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးနေကြသော ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ စုစုပေါင်း ဦးရေ (၃၂၀) အတွက် တစ်ဦးလျှင် ဆန်ငါးပြည်၊ ဂျုံခေါက်ဆွဲ နှစ် ထုပ်၊ ဆီတစ်လီတာဝင် တစ်ဘူး၊ အချိုမှုန့်အလတ်ထုပ် တစ်ထုပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်၊ ကြက်ဥ ၁၀ လုံးတို့ကို မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပြု ကော်မတီနှင့် CPF ကုမ္ပဏီ (မြိတ်ရုံးခွဲ)တို့က ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။

 

ထောက်ပံ့လှူဒါန်းရာတွင် မြိတ်ခရိုင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နာယက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဥက္ကာမင်း (တနင်္သာရီ-၈) က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပြု ကော်မတီ ဒုဥက္ကဋ္ဌ ဦးကောက်ရိုက်က ထောက်ပံ့လှူဒါန်းသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြိတ်မြို့ ပြည့်ဖြိုးထွန်း ကုမ္ပဏီဒါရိုက်တာ ဦးမြတ်ကိုကိုက မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပြု ကော်မတီသို့ အလှူငွေကျပ်သိန်း (၃၀) အား ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)