ရန်ကုန် ၂၉  မေ    

 

ရန်ကုန်မြို့နေ ပြည်သူများ နွေရာသီတွင် အပန်းဖြေအနားယူရာလေ့ရှိသော သာကေတ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအား မတ်  ၂၃ ရက်မှ၍ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားရာ ပြန်လည်ဖွင့်လှစ်ချိန်တွင် အပန်းဖြေလာသော ပြည်သူများအား ဝန်ဆောင်မှုကောင်းများ ပေးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြည်ထောင်စုပန်းခြံအတွင်းရှိ အပန်းဖြေ အနားယူရာ လျှောက်လမ်းတစ်လျှောက်တွင် ရေပန်းအလှများ တပ်ဆင်ခြင်းနှင့် နန်းမြင့်မျှော်စင်အတွင်းရှိ တိုင်းရင်းသားရှစ်မျိုး ပုံသဏ္ဍန်၊ ရိုးရာပစ္စည်းများကို ပြသရာ၌ တိုင်းရင်းသား ကိုးမျိုးထိ စုံတွဲရုပ်ကြွပုံများ ထပ်မံထည့်သွင်း ပြသရန် အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။ (၁၁၇) ဧကအကျယ်ရှိသော ပြည်ထောင်စု တိုင်းရင်းသားကျေးရွာဝန်း၌ ပဲခူးမြစ်နှင့် ကပ်လျက်ရှိသောကြောင့် သဘာဝဒီရေတောများကို ဆက်လက်ထိန်းသိမ်းထားလျက်ရှိကာ မြစ်ပြင်ဆည်းဆာအလှနှင့် အပန်းဖြေ အနားယူနိုင်ရန် Master plan ရေးဆွဲ၍ တင်ဒါခေါ်ယူပြီး ဖြစ်ကြောင်းလည်း သိရသည်။ 

 

“တိုင်းရင်းသားကျေးရွာ ပြန်ဖွင့်တဲ့အခါမှာ လာရောက် အပန်းဖြေတဲ့ပြည်သူတွေ စိတ်လက်အေးချမ်းစွာ အနားယူနိုင်အောင် ပြင်ဆင်မှုလေးတွေ ဆောင်ရွက်ထားပါတယ်။ ပဲခူးမြစ်ဘက်အခြမ်းဟာ သဘာဝအလှအပနဲ့ ထိန်းသိမ်းထားတဲ့ ဒီရေရောက်တောတွေ ရှိတာကြောင့် Master plan ရေးဆွဲပြီး အပန်းဖြေအနားယူရာ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ တင်ဒါလည်း ခေါ်ယူပြီးပါပြီ။ ပြန်ဖွင့်တဲ့အခါမှာအ ပူဒဏ်ကင်းငြိမ်းအောင် လျှောက်လမ်းတွေမှာ ရေပန်းတွေ တပ်ဆင်သွားမှာပါ။ တိုင်းရင်းသားရုပ်ကြွပုံတွေ ထပ်မံတိုးချဲ့မယ့်အပြင် ရုံးပိတ်ရက် နှစ်ရက်မှာ လာရောက်အပန်းဖြေတဲ့ ပြည်သူတွေကို တိုင်းရင်းသားတွေက ရိုးရာအကတွေ၊ ဖျော်ဖြေပွဲတွေနဲ့ ဝန်ဆောင်မှု ပေးသွားမှာပါ။ အပန်းဖြေလာရောက်မယ့် ပြည်သူများအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တွေ့မြင်ရမှာဖြစ်ပြီး လာရောက်အပန်းဖြေ အနားယူဖို့ ဖိတ်ခေါ်ပါတယ်” ဟု နေပြည်တော် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဝင်းကပြောသည်။

 

သာကေတပြည်ထောင်စုကျေးရွာတွင် တိုင်းရင်းသားရှစ်မျိုး၏ နေအိမ်နှင့် ရိုးရာဓလေ့တို့ကို ပြသထားပြီး ရုံးပိတ်ရက်နှစ်ရက်တွင် နံက် (၁၀) နာရီမှ (၁၂) နာရီအထိ တစ်ကြိမ်နှင့် မွန်းလွဲ (၁) နာရီမှ (၃) နာရီထိ တစ်ကြိမ် တိုင်ရင်းသားများကိုယ်တိုင် ရိုးရာအကတို့ဖြင့် ဖျော်ဖြေလျက်ရှိကာ တစ်ဦးလျှင် ကျပ် (၅၀၀) သာ ဝင်ကြေးရှိသည်။ ပဲခူးမြစ်နှင့်ကပ်လျှက် ရှိသည့်အတွက် လေကောင်းလေသန့်နှင့် အရိပ်အာဝသ ကောင်းမွန်သော နေပူရှောင် အပန်းဖြေနေရာတစ်ခုဖြစ်သောကြောင့် နွေရာသီတွင် အပန်းဖြေလေ့လာသူတို့ လာရောက်လည်ပတ်လေ့ရှိသည်။ 

 

သန်းထိုက်
ဓာတ်ပုံ - သစ္စာ