ရန်ကုန်  ၂၉  မေ

 

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၏ အဝေးထိန်းစက်ရုပ် မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်စွမ်းရည် သရုပ်ပြမှုကို ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး မုခ်ဦးရှေ့၌ ပြုလုပ်သည်။

 

မီးငြှိမ်းသတ်စွမ်းရည် သရုပ်ပြမှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများတက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း ဦးဆောင်၍ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၏ အဝေးထိန်းစက်ရုပ် မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်စွမ်းရည် သရုပ်ပြနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

အဆိုပါ အဝေးထိန်းစက်ရုပ် မီးသတ်ယာဉ် LUF-60 (Robotic Fire Fighting Vehicle) သည် ပိုလန်နိုင်ငံထုတ် ယာဉ်အမျိုးအစားဖြစ်ပြီး စက်သုံးဆီသိုလှောင်ကန်ကြီးများ မီးလောင်မှု၊ ရေနံထွက်ပစ္စည်းထုတ် စက်ရုံ/ အလုပ်ရုံများနှင့် သိုလှောင်ရုံများ မီးလောင်မှု၊ အထပ်မြင့်အဆောက်အအုံများရှိ Basement Car Parking များအတွင်း မီးလောင်မှုများနှင့် လူနေအိမ်အဆောက်အဦ အများအပြား မီးလောင်မှုများတွင် ထိရောက်စွာ ချဉ်းကပ်ငြှိမ်းသတ်နိုင်သည့်အပြင် မီးခိုးငွေ့နှင့် အဆိပ်ငွေ့များ ထူထပ်သိပ်သည်းစွာ ပိတ်မိနေသော မီးလောင်မှုကြီးများတွင် မီးခိုးငွေ့နှင့် အဆိပ်ငွေ့များကို အလျင်အမြန် ရှင်းလင်းဖယ်ရှားနိုင်ခြင်း၊ အောက်ဆီဂျင်ပြတ်တောက်နေသော နေရာများတွင် အောက်ဆီဂျင် ထည့်သွင်း ပေးနိုင်ခြင်း၊ အပူလှိုင်းဖြတ်၍ ရာသီဥတုပူပြင်းလွန်းသည့် ကာလများတွင် ရေမှုန်ရေမွှားဖြင့် အအေးပေးပြီး အပူရှိန် လျှော့ချပေးခြင်းအပြင် (၃)တန်အလေးချိန်ရှိ ယာဉ်များကိုလည်း အလွယ်တကူ ဆွဲထုတ်နိုင်ခြင်း၊ ၆၀၀ ကီလိုဂရမ် အလေးချိန်ရှိ အရာဝတ္ထုပစ္စည်းများကိုပါ အလွယ်တကူ မတင်ဖယ်ရှားခြင်းလုပ်ငန်းများကို အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်၍ လျင်မြန်ထိရောက်စွာ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

 

ယင်းအဝေးထိန်း စက်ရုပ်မီးသတ်ယာဉ် LUF-60 (Robotic Fire Fighting Vehicle) ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၄၂၈၄ သိန်းဖြင့် အကုန်ကျခံ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

ဆန်းကျော်ဦး(မင်္ဂလာဒုံ ပြန်/ဆက်)