နေပြည်တော်  ၂၉  မေ

 

ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ၊  ရာဇဓာနီသာမဏေ ကျော်ကျောင်းတိုက်၊ ရတနာသိဒ္ဓိကျောင်းဆောင်၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဒုမ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။

 

အခမ်းအနားတွင် မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဒုမ ထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုတော်မူကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ‌ လျှောက်ထားပြီး ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရာဇဓာနီ သာမဏေကျော် ကျောင်းတိုက် ပဓာနနာယက၊ ဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တတေဇောဘာသ ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

ဆွမ်းဆန်တော်လှူဒါန်းပွဲ အခမ်းအနားတွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်/ ထိန်းချုပ်/တုံ့ပြန်နေစဉ် ကာလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၆၅ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၉၆၀ ၊ သီလရှင် ၁၃ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၉၇၃  ပါးတို့ အတွက် ဆွမ်းဆန်တော်အိတ် ၁၉၈ အိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။  

 

သတင်းစဉ်