ရန်ကုန် ၂၉ မေ
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ကျရောက်မည့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိရာ၊ ရာပြည့်မဂ္ဂဇင်း ထုတ်ဝေရေးဆပ်ကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပရာ ရာပြည့်မဂ္ဂဇင်း ထုတ်ဝေရေး ဆပ်ကော်မတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မြန်မာ့ရုပ်ရှင် ရာပြည့်မဂ္ဂဇင်းအား ဝတ္တု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း ကဏ္ဍစုံလင်စွာဖြင့် ထူးခြား ကောင်းမွန်စွာ ထုတ်ဝေနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ကျရောက်မည့် မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် အခမ်းအနားအား စည်ကား သိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် အစည်းအဝေးများ ပြုလုပ်လျက်ရှိရာ မေလ ၂၈ ရက်နေ့တွင် စာတမ်းဖတ်ပွဲများ ကျင်းပရေးဆပ်ကော်မတီ၏ အစည်းအဝေးကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


