နေပြည်တော် ၂၉ မေ
E-Commerce Virtual Conference ကို မေ ၂၈ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က ဤကွန်ဖရင့်အား ကိုဗစ်ကပ်ရောဂါကြောင့် New Normal အဖြစ် Tele-Conference ပုံစံကျင်းပရာတွင် နေရာမျိုးစုံမှ ပါဝင် တက်ရောက်နိုင်ခြင်းသည် အားသာချက်ဖြစ်ပါကြောင်း၊ Online အသုံးပြုကူးသန်း ရောင်းဝယ်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် စနစ်တကျ ဖြစ်ပေါ်တိုးတက်စေရေးသည် ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်ပါကြောင်း၊ E-Commerce Business Modal များအရ ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုအားကောင်းစေပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားတစ်ခုဖြစ်စေမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ E-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး စိတ်အားထက်သန်မှုကို ဤကွန်ဖရင့်က ပြသနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၊ ဉီးဇော်မင်းဝင်းက နိုင်ငံတော်အစိုးရက ထုတ်ပြန်သည့် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် COVID-19 Economic Relief Plan-CERP ကို အသင်းချုပ်က ကြိုဆိုထောက်ခံပါကြောင်း၊ ကိုဗစ်ကပ်ရောဂါကြောင့် ဒီဂျစ်တယ်စီးပွား ရေးပုံစံ မြန်ဆန်စွာ ဖြစ်ထွန်းလာသဖြင့် နိုင်ငံတော်က ချမှတ်သည့် မူဝါဒများနှင့်အညီ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု များမှတစ်ဆင့် E-Commerce အောင်မြင်ဖွံ့ဖြိုးစေရေးနှင့် ပြည်သူလူထုကြားတွင် ယုံကြည်လက်ခံလာစေရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက CERP အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ဦးစီးဌာနက ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ကွန်ဖရင့်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် CERP ၏ ပန်းတိုင် ၅ အောက်ရှိ E-commerce ဆိုင်ရာဆောင်ရွက်ရန် စီမံချက်များအား အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရဌာန/အဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များက ရင်ဆိုင်နေရသည့် စိန်ခါ်မှုနှင့် အကြံပြုချက် များအား Panel Session လေးခုဖြင့် ဆွေးနွေးခဲ့ရာ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ အမျိုးသားဆိုက်ဘာ လုံခြုံရေးဗဟိုဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းနှင့် မြန်မာ့အာမခံ လုပ်ငန်းတို့မှ တာဝန်ရှိ သူများ နှင့် Industry Player များ ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ E-Commerce Virtual Conference သို့ အစိုးရဌာန/အဖွဲ့အစည်းများ၊ ကော်မတီများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသော ပြည်တွင်း ပြည်ပမှ စာရင်းပေးတက်ရောက်ခဲ့သူများ စုစုပေါင်း (၄၅၀) ဦးရှိ ကြောင်း သိရသည်။
သတင်းစဉ်


