နေပြည်တော် ၂၉ မေ
နယ်စပ်ရေးရာ၀န်ကြီးဌာနသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်း နှစ်စဉ် နွေရာသီကာလတွင် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့လျှက်ရှိသော မြို့နယ်၊ ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူလူထုများသို့ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်ဖြင့် ဖြန့်ဝေလှူဒါန်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယမန်နေ့က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ ပုဗ္ပသီရိမြို့နယ်၊ ဖက်တဲကုန်းကျေးရွာသို့ ရေဂါလံ (၄ဝဝဝ) နှင့် ညောင်ကုန်းကျေးရွာသို့ရေဂါလံ (၂ဝဝဝ)၊ စုစုပေါင်း ရေဂါလံ (၆ဝဝဝ) ကို အိမ်ထောင်စုအလိုက် ရေသယ်ယာဉ်ဖြင့် သယ်ဆောင်၍ စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့သည်။
ယခုနှစ်နွေရာသီကာလအတွင်း ဧပြီ ၂ ရက်မှစတင်၍ မြို့နယ်ရပ်ကွက်များနှင့် ကျေးရွာများသို့ဌာနမှ ရေသယ်ယာဉ်ဖြင့် ရေများသွားရောက် လှူဒါန်းပေးလျက်ရှိရာ မေ ၂၆ ရက်အထိ ပျဉ်းမနားမြို့နယ်၊ တောင်သာ ကျေးရွာအုပ်စု (၁) သို့ ရေဂါလံ (၄၆ဝဝဝ)၊ တောင်သာ ကျေးရွာအုပ်စု (၂) သို့ ရေဂါလံ (၁၂ဝဝဝ)၊ ကတိုးဆိပ်ကျေးရွာ အုပ်စုသို့ ရေဂါလံ (၅၆ဝဝဝ)၊ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာ အုပ်စုသို့ရေဂါလံ (၄၂ဝဝဝ)၊ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာအုပ်စုသို့ ရေဂါလံ (၇၂ဝဝ၀)၊ ရေဂါလံ စုစုပေါင်း (၂၂၈ဝဝဝ) အား ရေသယ်ယာဉ်ဖြင့် သယ်ဆောင်၍ စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ပြီး နှစ်စဉ်ရေရှားပါးသည့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်ရပ်ကွက်များနှင့် ကျေးရွာများသို့ မိုးမကျမီကာလအထိ သန့်ရှင်းသော သောက်သုံးရေများအား ဆက်လက်၍အလှည့်ကျ ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


