နေပြည်တော် ၂၉ မေ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန် က ပြည်ထောင်စုလွှတ်တော် အာဆီယံ ပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီအဖွဲ့ဝင် ပြောင်းလဲတာဝန်ပေးအပ်ရေးနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက် ရယူသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေး ကောက်ပွဲနည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် တိုင်းဒေသ ကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများကို ပဥ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများကို မှတ်တမ်းတင် ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်လျှက်ရှိသည့် မြန်မာ - ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ရေး စီမံကိန်းတိုးချဲ့ရန် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) ထံမှ အမေရိကန်ဒေါ်လာသန်း ၂၀ ချေးငွေ ရယူရေးနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က တံတားကြီးတည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို အချိန်တိုအတွင်းဆက်သွယ်သွားလာနိုင်မည် ဖြစ်ပြီး ဒလမြို့သစ် စီမံကိန်းနှင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသ ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် တံတားကြီးဖြစ်ပါကြောင်း၊ ထို့ပြင် အဆိုပါ ဒလတံတားမှတစ်ဆင့် ဧရာဝတီ တိုင်းဒေသကြီးသို့လည်း ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးလမ်းမှတစ်ဆင့် အလွယ်တကူသွားလာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ - ကိုရီးယားချစ်ကြည် ရေးဒလတံတားကို ၂၀၂၂ခုနှစ် အောက်တိုဘာလတွင် အချိန်မီ ပြီးစီးနိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများအား ဟန်ချက်ညီညီနေ့၊ ညမပျက် အချိန်ပြည့်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရေလမ်းကင်း လွတ်အကျယ်တိုးချဲ့ တည်ဆောက်ရေးအတွက် လိုအပ်သည့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကို EDCF ထံမှ ချေးယူမည့်ကိစ္စအား ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ချေးငွေရယူမည့်ကိစ္စကို လွှတ်တော်က အတည်ပြုပြီးသည့်အခါတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ချေးငွေစာချုပ် ချုပ်ဆိုရန်အတွက် EDCF နှင့် ညှိနှိုင်းခြင်း၊ စာချုပ်လက်မှတ် ရေးထိုးခြင်း၊ စာချုပ်အသက်ဝင်ရန် ဆောင်ရွက်ခြင်း၊ သတ်မှတ်ချိန်အတိုင်း ချေးငွေထုတ်ယူရရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်မှု၊ တိုးတက်မှု၊ အခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပုံမှန်အစီရင်ခံတင်ပြပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒလတံတားစီမံကိန်းအတွက် ထပ်မံလိုအပ်သည့် အမေရိကန်ဒေါ်လာ သန်း ၂ဝကို ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF)ထံမှ ရယူနိုင်ရေးကိစ္စ အပေါ်တွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက က အဆိုပါချေးငွေ ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး လွှတ်တော်ကသဘောတူကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်း စီမံကိန်းအတွက် ဩစတြီးယားနိုင်ငံ၊ Unicredit Bank ထံမှ အတိုးမဲ့ချေးငွေ ယူရို ၃၃ သန်းရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြ သည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ယင်းအီလက်ထရောနစ် စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်းစီမံကိန်းသည် နိုင်ငံတော်၏ ပထမဆုံး လုပ်ငန်းဖြစ်ပါကြောင်း၊ လုပ်ငန်းပမာဏကြီးမားသည့် နည်းပညာအသုံးပြုဆောင်ရွက်ရမည့် စီမံချက်တစ်ခုလည်းဖြစ်ပါ ကြောင်း၊ နိုင်ငံတကာတွင် အဆိုပါစနစ်ကို စတင်ကျင့်သုံးနေသည်မှာ ၁ဝစုနှစ်များ စွာ ရှိနေပြီဖြစ်ပါကြောင်း၊ ယခုစီမံကိန်း ကိုအကောင်အထည်ဖော်ဆောင်ရွက်သည့် နေရာ တွင်လည်း အခက်အခဲများ၊ အား နည်းချက်များ တွေ့ကြုံနိုင်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့နယ်မြေ များတွင် ယင်းလုပ်ငန်း ဆောင်ရွက်သည့်အခါ လမ်းညွှန်ဦးဆောင်ပြီး ပူးပေါင်းဆောင်ရွက်ပေးစေ လိုပါကြောင်း၊ ထို့ပြင် ယင်းလုပ်ငန်းအောင်မြင်ရေးအတွက် အချိန်ပြည့် e–ID စနစ်လုပ်ငန်း အကောင်အထည် ဖော်ရေးကော်မတီကို အကြံဥာဏ်များ ပေးနိုင်ပါကြောင်းနှင့် သိရှိလိုသည့် အချက်များကိုလည်း မိမိတို့အနေဖြင့် အသေး စိတ်ရှင်းလင်းတင်ပြ ပေးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချေးယူမည့် ယူရို ၃၃ သန်းကိစ္စကို အတည်ပြုချက်ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်က အတည်ပြုပြီးသည့် အခါတွင် ချေးငွေစာချုပ် ချုပ်ဆိုရန်အတွက် ဩစတြီးယားနိုင်ငံ၊ Unicredit Bankနှင့် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ စီမံကိန်းတွင်ပါဝင်သည့် အဆင့်များ အလိုက် ချေးငွေထုတ်ယူသုံးစွဲနိုင်ရန်လည်း ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ချေးငွေနှင့် ပတ်သက်၍ ပုံမှန်အစီရင်ခံတင်ပြသွားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချေးငွေကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက က အဆိုပါ ချေးငွေရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုးမွေးမြူရေး စနစ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန် ဒေါ်လာသန်း ၂၀၀ ချေးငွေရယူရေးနှင့်စပ်လျဉ်း ၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ပြန်လည်ရှင်းလင်းဆွေး နွေးကြသည်။
ဒုတိယဝန်ကြီး ဦးလှကျော် က ယခုစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုခွင့်ပြုမှု ရရှိပြီးသည်နှင့် စီမံကိန်းအကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သည့် လုပ်ငန်းအစီအမံများကို ဆက်လက်ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ ချေးငွေပေးမည့် အဖွဲ့အစည်း၏ ဇွန်လတွင်ကျင်းပမည့် ရန်ပုံငွေဆိုင်ရာဘုတ်အဖွဲ့ အစည်းအဝေးမှ အတည်ပြုမှု ရရှိသည်နှင့် တပြိုင်နက် လုပ်ငန်းစဉ်အရ ချေးငွေစာချုပ် ကို လက်မှတ်ရေးထိုးပြီး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်မှုတွင်လည်း လွှတ်တော် ကိုယ်စားလှယ်များ အကြံပြုချက်နှင့်အညီ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် စီမံကိန်းကြီးကြပ်ကွပ်ကဲမှုအဖွဲ့များ၊ အကောင်အထည်ဖော်မည့် အဖွဲ့များကို ဖွဲ့စည်းပြီး မိမိတို့ဌာနဆိုင်ရာများ၊ ဒေသအလိုက်လွှတ် တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်အလိုက် ဆောင်ရွက်သွားမည့် အသေးစိတ် Work Plan များနှင့်အညီ ချေးငွေကိုထိရောက်စွာ သုံးစွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးငွေရယူ ရေးအပေါ်တွင် ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ချေးငွေကို လွှတ်တော်မှ အတည်ပြုပြီးသည့်အခါတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အနေဖြင့် ချေးငွေစာချုပ် ချုပ်ဆိုရန် ကမ္ဘာ့ဘဏ်နှင့်ဆက်လက်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ပြီး ချေးငွေများသတ် မှတ်ချိန်အတိုင်း ထုတ်ယူရရှိစေရန်လည်း ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ချေးငွေနှင့် ပတ်သက်သည့် အစီရင်ခံစာများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနအနေဖြင့် ပုံမှန်တင်ပြပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချေးငွေအပေါ်တွင် လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က အဆိုပါ ချေးယူရယူ နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေးလုံခြုံမှုဆိုင်ရာ စီမံကိန်းနှင့် COVID–19 ကဲ့သို့သော ကမ္ဘာ့ကူးစက်မြန် ရောဂါများ ကုသရေးဝန်ဆောင်မှု အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာသန်း ၃၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူနှင့် ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီတို့က ဆွေးနွေးကြသည်။
အဆိုပါ ချေးငွေနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက က အဆိုပါချေးငွေ ရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူပြီး လွှတ်တော်က သဘောတူကြောင်းကြေညာသည်။
ထို့နောက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲ တင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က လွှတ်တော်၏ အဆုံး အဖြတ်ရယူအတည်ပြုသည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင်သွင်းသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက က ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့အစီအစဉ် ပြီးစီးပြီ ဖြစ်ပါကြောင်း၊ ကမ္ဘာ့တဝှမ်း COVID–19 ရောဂါဖြစ်ပွားချိန်တွင် ပြုလုပ်ရသည့် အစည်း အဝေးကာလ (၂)ပတ်အတွင်း လွှတ်တော်ဆိုင်ရာ လုပ်ငန်းများထိုက် သင့်သလောက် ပြီးစီးအောင် ပူးပေါင်းပါဝင်ပေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထောက်အကူ ပြု ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာသည်။
အောင်ရဲသွင်၊ အေးအေးသန့်


