နေပြည်တော် ၂၉ မေ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲ တာဝန်ခံများကို Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် mission ပြောင်းလဲသွားပြီဖြစ်သည့်အတွက် ဝန်ကြီးဌာန၏ဆောင်ပုဒ် motto အနေဖြင့် ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်သည့် Service Ministry အဖြစ် ပေါ်ထွက်လာရေးကို ဉီးတည်ချက်ထားပြီး “ဝန်ဆောင်မှုအဓိက” “ခရီးသွားများ ခရီးသွားလုပ်ငန်းများမှသည် ပြည်သူဆီသို့” “To Serve Better” “Service to Tourists, Tourism Industry to the Public” ဆိုပြီး ပြောင်းလဲထားရှိပြီးဖြစ်ပါကြောင်း၊ motto ပြောင်းတာနှင့်အညီ လက်တွေ့ဝန်ဆောင်မှု ပေးဆောင်ရွက်နိုင်ရန် ဝန်ထမ်းများ၏ mindset ပြောင်းလဲရန်လိုအပ်ကြောင်း၊ ၂၀၁၈ ခုနှစ် ခရီးသွားလုပ်ငန်းဉပဒေသစ်အရ ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားကော်မတီများကို လွှဲပြောင်းပေး ခဲ့ခြင်းသည် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုဖြစ်ပါကြောင်း၊ ထုတ်ပြန်ထားသည့် ဉပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ ထုတ်ပြန်ချက်၊ ညွှန်ကြားချက်များကို ဝန်ထမ်းများကိုယ်တိုင် ရှင်းရှင်းလင်းလင်း နားလည်သိရှိရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် လုပ်ဆောင်မည့် Tourism Strategic Road Map ကို ဆက်လက်ရပ်တည် နိုင်ရေး (Survival) ၊ ပြန်လည်ဖွင့်လှစ်ခြင်း (Reopening) နှင့် ပြန်လည်ဖိတ်ခေါ်ခြင်း (Relaunching) ဟူသော အဆင့် ၃ ဆင့်နှင့် ရေးဆွဲပြီး စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါကြောင်း။
ဆက်လက်ရပ်တည်နိုင်ရေး Survival အဆင့်တွင် သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ဒေသကော်မတီနှင့် ဒေသစီမံခန့်ခွဲရေးကော်မတီ DMO များ၏ အစီအစဉ်ဖြင့် နေ့တွက်ပေးသည့် သင်တန်းများ ပေးမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ အခွန်ငွေဖြစ်သည့် နိုင်ငံတော်၏ထောက်ပံ့ငွေနှင့် လုပ်ဆောင်၍ အမှန်တကယ် အကျိုးရှိရန် လိုအပ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ ဒေသန္တရလိုအပ်ချက်အရ ပိတ်ထားသည့် ဟိုတယ်များထဲက ပြန်ဖွင့်ချင်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် အစစ်ဆေးခံပြီး အမြန်ပြန်ဖွင့်နိုင်ရေး ကူညီရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း ကို Domestic Tourism ဖြင့် ပြန်လည်စတင်မှာဖြစ်၍ စားသောက်ဆိုင်များ လုပ်ထုံးလုပ်နည်းနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ခရီးသွားများလည်ပတ်ရန်နေရာများ ပြန်လည်ဖွင့်လှစ်ရန်အတွက်လည်း သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး ဒေသအလိုက် ထုတ်ပြန်ထားသည့် Quarantine နှင့် ပတ်သက်သည့် ကန့်သတ်ချက်များကိုလည်း ပြည်တွင်း ခရီးသွားများ အချိန်နှင့်တပြေးညီ အလွယ်တကူသိရှိနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အသင်းများ၊ Media မှတစ်ဆင့် အသိပေးရန်လိုအပ်ကြောင်း၊ ဧည့်စာရင်းတိုင်ခြင်း လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် Guest List Management System ကို မေလမှ စတင်အသုံးပြု နိုင်ရေး ခရီးသွားလုပ်ငန်းကော်မတီက ဆုံးဖြတ်ထားပြီးဖြစ်သည့်အတွက် ပါဝင်ဆောင်ရွက်ရေးနှင့် အခက်အခဲများ တင်ပြရန်မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဉီးတင်လတ်က ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့အစည်း (DMO)များ ဖွဲ့စည်းဆောင်ရွက် ရာတွင် Destination Management Plan အပါအဝင် လုပ်ငန်းစီမံချက်များ ကြိုတင်ရေးဆွဲတင်ပြဆောင်ရွက်ရန် ဉီးစွာလိုအပ်မည်ဖြစ်ပါကြောင်း ၊ ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်ရန်အတွက် လုပ်ငန်းလိုင်စင်ကြေးများကို တစ်နှစ် ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင် လာစေရေးအတွက် COVID-19 Myanmar Tourism Relief Plan သတ်မှတ်ဖော်ဆောင် သွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရုံးခွဲများ၏ Facebook page များမှတစ်ဆင့် မိမိဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ဒေသဆိုင်ရာခရီးသွားအချက်အလက်များအား ပြည်သူများသိရှိနိုင်စေရေး အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေပေးရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ရုံးခွဲတာဝန်ခံများမှ ရုံးလုပ်ငန်းများဆောင်ရွက်နေ မှုနှင့် ဟိုတယ်များ ပြန်လည်ဖွင့်လှစ်လျက်ရှိသည့် အခြေအနေများအား သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


