နေပြည်တော် ၂၉ မေ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director Mr. Newin Sinsiri နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ COVID-19 Pandemic Response Option (CPRO)အရ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်မှုဆိုင်ရာဆောင်ရွက်ချက် များအား ပံ့ပိုးပေးနိုင်ရေး အတွက် Budget Support အဖြစ် မြန်မာနိုင်ငံသို့ အတိုးနှုန်းသက်သာ သောချေးငွေ အမေရိကန် ဒေါ်လာသန်း(၂၅၀) ထုတ်ချေးနိုင်ရေးကိစ္စ၊ ယင်းချေးငွေရယူရေး အတွက် ဆက်လက်ဆောင်ရွက်ရ မည့်ကိစ္စရပ်များ၊ CPRO ၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ADB နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွက် Country Engagement Framework (CEF) တစ်ခု ရေးဆွဲဆောင်ရွက်သွားမည့်ကိစ္စ၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်မှုဆိုင်ရာ ဆောင်ရွက် ချက်များအား ပံ့ပိုးပေးနိုင်ရေးအတွက် ADB က ကမ္ဘာ့ဘဏ်၊ အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF) နှင့် JICA တို့နှင့် ပူးပေါင်း ဆောင်ရွက် နေသည့်ကိစ္စရပ် များကို ဆွေးနွေးသည်။
ယင်းဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဉီးဆက်အောင်နှင့် ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ကြသည်။
ယနေ့ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ADB ချေးငွေဖြင့် အကောင်အထည်ဖော်မည့် Enhancing Financial Access through Public Credit Guarantee Scheme Project (USD 60 million) နှင့် Additional Financing to Greater Mekong Subregion Health Security Project (USD 30 million) တို့ကို အတည်ပြုပြီးဖြစ်သည်။ ယင်းစီမံကိန်းများသည် COVID-19 Economic Relief Plan (CERP) ပါ Action Plans များကို ပံ့ပိုးပေးမည့် စီမံကိန်းများဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


