နေပြည်တော်   ၂၉  မေ

 

ကိုဗစ်-၁၉ ကာလအတွင်း နေရပ်ပြန်နှင့် ကျေးလက်ဒေသနေ အမျိုးသမီးများအား ကူညီဆောင်ရွက်ပေးနိုင်ရေး ကိစ္စများကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမျိုးသမီးအရေး တက်ကြွစွာဆောင်ရွက်ပေးနေကြသည့် ကော်မတီဝင် အမျိုးသမီးအဖွဲ့အစည်းများနှင့် ယနေ့မွန်းလွဲပိုင်းတွင် Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက် ရမည့် လုပ်ငန်းများကို ကျေပွန်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထိခိုက်လွယ်အုပ်စုများတွင် ပါဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ တိုက်ပွဲရှောင်နှင့် IDP စခန်းနေသူများအတွက်လည်း စီမံချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် ၂၀၂၀ ပြည့်နှစ်သည် ပေကျင်း ကြေငြာစာတမ်း (၂၅)နှစ် ပြည့်မြောက်သောနှစ်ဖြစ်ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို စွမ်းစွမ်းတမံ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြမည့် နှစ်ဖြစ်ကြောင်း၊ သို့သော်လည်း ကမ္ဘာ့တစ်လွှား ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကြောင့် အမျိုးသမီးကဏ္ဍတွင်ရရှိပြီး တိုးတက်မှုများ ရုတ်လျော့မသွားအောင် ကိုဗစ်-၁၉ ဖြစ်စဉ်နှင့်ယှဉ်တွဲ၍ ကြိုးပမ်းကြရမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ၏ သက်ရောက်မှုနှင့်ပတ်သက်၍ အဆိုးထဲမှ အကောင်းများကို ဖော်ထုတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများသည် အိမ်ထောင်စုများ တွင် အရေးပါသည့်ကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများကို ကုစားရာတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထား ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ကော်မတီတွင် ဌာနဆိုင်ရာများအပြင် အမျိုးသမီးအဖွဲ့ (၁၁)ဖွဲ့ရှိလာပြီဖြစ်ပြီး အဖွဲ့အသီးသီးက စီးပွားရေးဆိုင်ရာကဏ္ဍတွင် အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ရေးကို ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း။

 

ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့နိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်သွားသူ (၂)သိန်းကျော်ရှိသည်ဟု သိရှိရကြောင်း၊ အိမ်နီးချင်းနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာကြသည့် သူများအထဲတွင် ပြန်လည်ထွက်ခွာခြင်းမပြုတော့မည့် အမျိုးသမီးများလည်းရှိကြောင်း၊ နေရပ်သို့ပြန်လည်ဝင်လာသည့် အမျိုးသမီးများထဲတွင် သူတို့၏ကျွမ်းကျင်မှု အလိုက် အရည်အချင်းများ ပါလာမည်ဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် အဆိုပါအမျိုးသမီးများ အတွက် သင့်လျော်သောအလုပ်အကိုင် အခွင့်အလမ်းများ စဉ်းစားဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း၊ မိမိတို့နိုင်ငံရှိ ကျေးလက်ဒေသ နေအမျိုးသမီးများ၊ မြို့ပေါ်တွင်နေ၍ လှုပ်ရှားရုန်းကန်နေကြသည့် အမျိုးသမီးများအတွက်လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အစိုးရက ကူညီနိုင်မည့် အကောင်းဆုံးအစီအစဉ်များကို စိစစ်လျက်ရှိပါကြောင်း၊ ဤကာလတွင် အခက်အခဲများကို ဖြေရှင်းနိုင်ရန် ငွေကြေးထောက်ပံ့ခြင်း၊ အလုပ်အကိုင်ဖော် ဆောင်ရန် ငွေကြေးအရင်းအနှီးစိုက်ထုတ်ပေးခြင်း၊ ရင်းနှီးငွေထုတ် ချေးပေးခြင်း စသည့်နည်းလမ်း တစ်မျိုးမျိုးကို ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ကာလအတွင်း အဆိုပါအမျိုးသမီးများအတွက် ဆောင်ရွက်ပေးနိုင်မည့် အကောင်းဆုံး နည်းလမ်းများ၊ သုံးစွဲသည့် ငွေကြေးများ အကျိုးရှိစွာလည်ပတ်နိုင်မည့် နည်းလမ်းများကို အကြံပြု ဆွေးနွေးပေးရန် ယနေ့အစည်းအဝေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့များကွန်ရက်၊ စီးပွားရေး လုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ ဝိသာခါဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် စသည့်အဖွဲ့များမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးကြရာ နေရပ်ပြန်နှင့် ကျေးလက်ဒေသနေ အမျိုးသမီးများအား အစိုးရနှင့်အတူ ပူးပေါင်း၍ ကူညီ ဆောင်ရွက်ပေးရန် အသင့်ရှိသည့် အခြေအနေများ၊ လတ်တလော၊ ရေတို အလျင်အမြန် ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများ၊ ဆက်လက်အကောင်အထည်ဖော်နိုင်မည့် ရေရှည် စီစဉ်ဆောင်ရွက်ပေးနိုင်ရေးကိစ္စများ၊ ဒေသအလိုက် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ဖန်တီးပံ့ပိုးကူညီပေးနိုင်ရေး နည်းလမ်းများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများပေး၍ ရင်းနှီးစိုက်ထုတ်ပေးနိုင်မည့် နည်းလမ်းများ၊ ရှေးပြေးစီမံကိန်းဒေသများ သတ်မှတ်၍ ဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ လက်ရှိဆောင်ရွက်နေသည့် စီမံချက်အတွေ့အကြုံများ၊ ဈေးကွက်ရှာဖွေပေးရေး ကိစ္စများ၊ လိုအပ်သော စစ်တမ်းများကောက်ယူနိုင်ရေးကိစ္စများ၊ ကိုဗစ်-၁၉  ကာလအလွန် စဉ်းစား ဆောင်ရွက်ရမည့် ကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည် ဆွေးနွေးခဲ့ကြပြီး ကော်မတီဝင်အဖွဲ့များအနေဖြင့် ဆောင်ရွက်စေလိုသည့် စီမံချက်များကို ရေးဆွဲအကြံပြု၍ ဝန်ကြီးဌာနသို့ ပေးပို့နိုင်ရေးတိုက်တွန်းခဲ့သည်။ အစိုးရက ရေးဆွဲဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (COVID -19 Economic Relief Plan) အရ ငွေကြေးပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ရာ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များက အစိုးရနှင့်အတူ ပူးပေါင်းပါဝင် အကောင်အထည် ဖော် ဆောင်ရွက်ကြရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်