မြစ်ကြီးနား ၂၉ မေ
ကချင်ပြည်နယ် သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်အဖွဲ့-မြန်မာ (FFI) တို့၏ ပူးပေါင်းကူညီပံ့ပိုးမှုဖြင့် ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်းမြို့နယ်တို့၌ ယခုနှစ်မိုးရာသီတွင် သစ်ပင် ၆၀၀၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် သစ်တောအသုံးပြုသူ အဖွဲ့ဝင်ဦးရေ (၂၅၄၅) ဦး ပါသော အဖွဲ့ ၅၀ က ပျိုးပင် စုစုပေါင်း ၆၃၀၀၀၀ ကျော်အား ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာများတွင် စိုက်ပျိုး သွားမည်ဖြစ်ကြောင်းFFI မှ သိရသည်။
အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်အဖွဲ့ - မြန်မာ (FFI) မှ ကချင်ပြည်နယ် စီမံကိန်းမန်နေဂျာ ဦးငွေလွင်က “ FFI အနေနဲ့ ကချင်ပြည်နယ်သစ်တော ဦးစီးဌာနနဲ့ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်ကစတင်ပြီး ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ လက်ရှိကာလအထိ ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ မြို့နယ်လေးခုမှာ သစ်တော အသုံးပြုသူအဖွဲ့ ၁၂၁ ဖွဲ့ကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် နည်းပညာနဲ့ ရန်ပုံငွေတွေ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ အဲဒီ ၁၂၁ ဖွဲ့အနက်မှ သစ်တောအသုံးပြုသူအဖွဲ့ ၅၂ ဖွဲ့ဟာ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော ဧရိယာ ၂၄၀၀၆ ဧကကို ဆောင်ရွက်ခွင့် လက်မှတ်ရရှိခဲ့ပြီးဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၁၂ ခုနှစ် မိုးရာသီမှ ၂၀၁၉ ခုနှစ်မိုးရာသီကာလအတွင်း သစ်တောအသုံးပြုသူအဖွဲ့ ၁၂၁ ဖွဲ့က သစ်ပင်ပျိုးပင်စုစုပေါင်း ၄၉ သိန်းကျော်အား ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ဧရိယာများအတွင်း စိုက်ပျိုးခဲ့ပြီး အဓိကအားဖြင့် ကြီးမြန်သောသစ်ပင်များဖြစ်သည့် မဲဇလီ၊ ယမနေ၊ ဂျီစားတမာနှင့် မန်ဂျန်ရှားတို့အား ထင်းအဖြစ် ထုတ်ယူအသုံးပြုရန်နှင့် ပျဉ်းကတိုးနှင့် ကျွန်းတို့အား သစ်အဖြစ် ထုတ်ယူသုံးစွဲရန် အဓိက စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း FFI မှ သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအား ဒေသခံပြည်သူများအတွက် သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း အစရှိသည့် သစ်တောနှင့် သစ်ပင်ဆိုင်ရာ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ဒေသခံများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများ ရရှိပြီး ဆင်းရဲနွမ်းပါးမှု လျော့နည်းစေရန်၊ သစ်တောဖုံးလွှမ်းသည့်ဧရိယာ ဖွံ့ဖြိုးတိုးတက်လာပြီး ရေရှည်တည်တံ့စေရန်နှင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊ ပြည်သူများ ပူးပေါင်းပါဝင်သော သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုစနစ်မြှင့်တင်ရန် စသည့်ရည်ရွယ် ချက်များဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအား ပံ့ပိုးပေးလျက် ရှိကြောင်း ဦးငွေလွင်က ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခွင့်အား ၁၉၉၅ ခုနှစ်တွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် (CFI) ထုတ်ပြန်ကြေညာပြီး စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ သစ်တောအသုံးပြုသူ အဖွဲ့ဝင်ဦးရေ (၉၄၄၁၇) ဦးပါဝင်သော အဖွဲ့ပေါင်း ၃၃၁၃ ဖွဲ့အတွက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောဧရိယာ ၄၇၂၀၇၉ ဧက ကို ဆောင်ရွက်ခွင့် လက်မှတ်ရရှိပြီးဖြစ်ကြောင်း၊ အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်းအရ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဧရိယာ ဧက ၂ ဒသမ ၇ သန်း တည်ထောင်ပြီးဖြစ်ရန် သတ်မှတ်လျာထားကြောင်းFFI မှ သိရသည်။
ပိန်းဇလုပ်သိန်းညွန့်


