ဘားအံ ၂၉ မေ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လမ်း/တံတား အသုံးပြုခ ကောက်ခံမှု နှုန်းထားများအား ဇွန် ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ၅၀ ရာခိုင်နှုန်း ဖြေလျော့ကောက်ခံသွားမည်ဖြစ်ရာ ကရင်ပြည်နယ်အတွင်းရှိ တံတား(၄)စင်းတွင် အသုံးပြုခနှုန်းထား ဖြေလျော့ကောက်ခံနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ပြည်နယ်လမ်းဦးစီးဌာနမှူးရုံးမှ သိရသည်။
ထိုသို့ လမ်း/တံတား အသုံးပြုခနှုန်းထားများ ဖြေလျော့ကောက်ခံရခြင်းနှင့် စပ်လျဉ်း၍ ဘားအံခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သူလင်းက “လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး သက်ရောက်မှုအပေါ်မှာ ဖြေလျော့တဲ့အနေနဲ့ လမ်းဦးစီးဌာနပိုင် တံတား(၆၂)စင်းနဲ့ လမ်းဂိတ်(၂၄)ဂိတ် စုစုပေါင်း ၈၆ ခုကို လမ်း/တံတား အသုံးပြုခဖြေလျော့ပေးသွားမှာ ဖြစ်ပါတယ်၊ ကရင်ပြည်နယ် အတွင်းမှာတော့ အေးကိုကုမ္ပဏီကနေ တာဝန်ယူကောက်ခံနေတဲ့ သံလွင်တံတား(ဘားအံ)၊ နောင်လုံတံတား၊ လှိုင်ချောင်းတံတားနဲ့ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက တာဝန်ယူကောက်ခံတဲ့ ဒုံသမိတံတား စုစုပေါင်း တံတား(၄)စင်းကို ဖြေလျော့ကောက်ခံ ပေးသွားမှာ ဖြစ်ပါတယ်၊ သက်ဆိုင်ရာ ရွှေသံလွင်နဲ့ အေးကိုကုမ္ပဏီတို့ကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်၊ ကရင်ပြည်နယ်မှာ ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းပေါင်းစုံ အသင်းတွေကိုလည်း အသိပေး အကြောင်းကြားပြီး ဖြစ်ပါတယ် ” ဟု ပြောသည်။
သံလွင်တံတား(ဘားအံ) အသုံးပြုခကောက်ခံရေး တိုးဂိတ်တာဝန်ခံ ကိုတင်အောင်လင်းကလည်း “ဇွန် ၁ ရက် နေ့ကစပြီး လမ်း/တံတား အသုံးပြုခ ၅၀ ရာခိုင်နှုန်း ဖြေလျော့ကောက်ခံသွားဖို့အတွက် ကျွန်တော်တို့ဘက်ကတော့ လမ်း/တံတား အသုံးပြုသူတွေ အသစ်ဖြေလျော့ထားတဲ့ နှုန်းထားတွေကို သိနိုင်ဖို့အတွက် ဗီနိုင်း၊ ဆိုင်းဘုတ်ထောင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်၊ ကုန်တင်ယာဉ်ကြီး (၂၂)ဘီးကားတွေကို အရင်က တစ်သောင်းတစ်ထောင် ကောက်ခံရာကနေ အခုဆို ငါးထောင်ငါးရာ ပြောင်းလဲကောက်ခံသွားမှာပါ၊ အကုန်လုံးကို တစ်ဝက်နှုန်းထားလျော့ပြီး ကောက်ခံသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့ ဇွန် ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ (၆)လတိတိ လမ်း/တံတား အသုံးပြုခနှုန်းထားများ ဖြေလျော့ ကောက်ခံပေးသွားမည်ဖြစ်သည့်အတွက် ဒေသခံများ၊ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုကို ဝန်ဆောင်မှုပေးနေသော ယာဉ်ကြီး၊ ယာဉ်ငယ်များအနေဖြင့် သက်သာသောနှုန်းထားဖြင့် အသုံးပြုသွားလာနိုင်တော့မည်ဖြစ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


