မန္တလေး ၃၀ မေ


        
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အုန်းချောရွာ သီတဂူစက္ခုဒါနဆေးရုံတော်၌ အပတ်စဉ် ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့များတွင် အထွေထွေရောဂါ၊ သွားရောဂါများကို အခမဲ့ ကုသပေးလျက်ရှိရာ ကိုဗစ်-၁၉  ရောဂါဖြစ်ပွားနေသည့်ကာလတွင်  ပြည်ပမှပြန်လာသူများကို စောင့်ကြည့်သည့် Quarantine ဌာန အဖြစ် အသုံးပြုခဲ့သည့်အတွက် အပတ်စဉ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ခေတ္တရပ်နားထားခဲ့သည်။
       


ယခုအခါ မေ (၃၁) ရက်နေ့မှစတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့နှင့် ကြာသပတေးနေ့များတွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း သီတဂူ စက္ခုဒါနဆေးရုံ ဦးဆောင်ဆရာတော် ဒေါက်တာသုန္ဒရ (Phd) ထံမှ သိရသည်။

 

သီတဂူစက္ခုဒါနဆေးရုံမှာ ၂၀၁၅ ခုနှစ်မှစတင်ကာ  အထွေထွေရောဂါ လူနာများကို ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့တိုင်း  အခမဲ့ကုသပေးခြင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ်  အခမဲ့ မျက်စိခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခြင်းများကို ပြုလုပ်လျက်ပြီး ခွဲစိတ်မှုများအတွက် မျက်စိခွဲစိတ်ဆရာဝန် (၉) ဦး၊ မျက်စိစမ်းသပ်ဆရာဝန် (၅) ဦး၊ သူနာပြု (၂၀) ဦး စေတနာ့ဝန်ထမ်း အသင်းအဖွဲ့ (၁၂) ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


      
အဆိုပါဆေးရုံတော်၌ အပတ်စဉ်လူနာများကို အခမဲ့ကုသပေးရာတွင်   လစဉ်ငွေစုစာအုပ်ဖြင့် လှူဒါန်းခြင်း၊ အခါအားလျော်စွာ လာရောက်လှူဒါန်းသော အလှူငွေများဖြင့် ကုသပေးခြင်းဖြစ်သည့် အတွက် အထွေထွေရောဂါများ ကုသနိုင်ရန်အတွက် အလှူငွေများလှူဒါန်း လျက်ရှိသည်။ အထွေထွေရောဂါများ ကုသနိုင်ရန်နှင့် မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးခြင်းအတွက်   မျက်စိအလင်း ဒါနပြုလိုသူများအနေဖြင့် မျက်စိတစ်လုံး ခွဲစိတ်ကုသခ ငွေကျပ် ၂၅၀၀၀ နှုံးဖြင့် အုန်းချော သီတဂူစက္ခုဒါနဆေးရုံ ဦးဆောင်ဆရာတော် ဒေါက်တာသုန္ဒရ (Phd) ဖုန်း ၀၉-၇၇၇၇၅၂၉၄၅ သို့ ဆက်သွယ်ကာ ကုသိုလ်ပြု ပါဝင်လှူဒါန်းနိုင်ကြောင်းသိရသည်။

 

တိမ်တမန်