မတ္တရာ  ၂၉  မေ

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ ကျေးရွာများနှင့် လယ်မြေများအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကန်ကျေးရွာအုပ်စုရှိ ပဲတီစိမ်း စိုက်ဧက (၁၀၀)ခန့်၊ ဝါးရင်းတုတ် ကျေးရွာတွင် လယ်ဧက(၁၀၀)ခန့် ရေနစ်မြုပ်ခဲ့သည်။ ထို့ပြင် ကုန်သာကျေးရွာတွင် တောင်ကျရေများ ကျဆင်းမှုကြောင့် ကျေးရွာအတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး ဝသုန္ဒရကျေးရွာရှိ ချောင်းတွင်လည်း ရေတိုက်စားမှုကြောင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရကြောင်း သိရသည်။

 

အဆိုပါ တောင်ကျရေများ ဝင်ရောက်သောကျေးရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်နှင့် မြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ကော်မတီဝင်များဦးဆောင်၍ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မတ္တရာ)၊ ကျေးရွာနေပြည်သူများ ပူးပေါင်း၍ ရေမြောင်း ပိတ်ဆို့နေမှုများ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)