မင်းဘူး   ၃၀     မေ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း မေ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် မိုးရွာသွန်းမှုများကြောင့် ကျေးရွာများတွင် မိုးရာသီ သီးနှံများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

“မိုးမကျခင်ကတော့ ထယ်ရေးအခြောက်ထွန်၊ အမှိုက်ကောက်၊ ယာမြေရှင်းလင်းရေးတွေ လုပ်ထားရတာ မိုးရွာတာနဲ့ တန်းဆွဲစိုက်လို့ရအောင်ပေါ့၊ မိုးသီးနှံအနေနဲ့ တောင်သူအများစုကတော့ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ နဲ့ မိုးစပါးများကို စိုက်ပျိုးကြပြီးတော့ မြေပဲ၊ ပဲတီစိမ်းနဲ့ နေကြာကိုတော့ မိုးလယ်မှာစိုက်တယ်၊ ကုလားပဲကြတော့ မိုးကုန်ခါနီးမှကြဲပါတယ်၊ အခုမိုးဦးကျချိန်က ဆီထွက်သီးနှံအနေနဲ့ နှမ်းကို ဦးစားပေးပြီး စိုက်ပျိုးနေပါတယ်၊ နှမ်းကမျိုးစုံရှိတယ်၊ ကိုယ့်မြေနဲ့လိုက်မယ့်နှမ်းရယ် ဈေးကောင်းရမယ့်နှမ်းရယ် ဦးစားပေးစိုက်ရတာပေါ့ဗျာ၊ ထွက်နှုန်းကတော့ ရာသီဥတုနဲ့လည်းဆိုင်သလို နှမ်းအမျိုးအစားအလိုက် အပင်ကောင်းမကောင်းနဲ့ အသီးကောင်းမကောင်းအပေါ်လည်း မူတည်တယ်၊ ကျွန်တော်တို့ ဒေသကတော့ မိုးနှမ်းဆိုရင် တစ်ဧကကို တင်း ၂၀ ကျော် ထွက်ပါတယ်၊ နှမ်းစိုက်ချိန်ကရောက်နေပြီ မိုးလိုနေကြတာ ခုမှရွာတော့ တောင်သူအားလုံးက နှမ်းစိုက်ချိန် နောက်မကျအောင် ခုရက်ပိုင်းကို ဒီဘက်တစ်နယ်လုံးက အပင်ပေါက် ကောင်းအောင် အစိုဓာတ်ရှိတုန်းလေး စိုက်ပျိုးနေကြတာပါ၊ အခက်အခဲကတော့ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ သူတွေများနေကြတော့ နေ့စားလုပ်သားရှား နေတာတစ်ခုပါပဲ၊ ကျန်တာအဆင်ပြေပါတယ်” ဟု ပိုက်သင်ကျေးရွာ နှမ်းစိုက်တောင်သူ ဦးအေးထွန်းက ပြောပြသည်။

 

အဆိုပါကျေးရွာတွင် မိုးနှမ်းစမုံနက် စံပြစိုက်ခင် ၅ ဧကကို GAP စနဖြင့်စိုက်ပျိုးနိုင်ရေး သွင်းအားစုမျိုးစေ့နှင် မြေသြဇာများကို ထောက်ပံ့ပေးခဲ့ကြောင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံ ဧက ၇၀ဝ၀ဝ ကျော် စိုက်ပျိုးသွားရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

 

မောင်မောင် (မင်းဘူး)