ညောင်ဦး ၃၀ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဉီးမြို၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း ဈေးများ ယာယီပိတ်ထားသဖြင့် ကား၊ သုံးဘီးဆိုင်ကယ်၊ တွန်းလှည်းများဖြင့် လှည့်လည်ရောင်းချသည့် ဈေးသည်များ ပိုမိုများပြားလာကြောင်း ညောင်ဦးမြို့ မဏိစည်သူဈေးတွင် စားသောက်ကုန်ရောင်းချသည့် မကြွယ်ကြွယ်က ပြောပြ၍ သိရသည်။
“ကျွန်မတို့က အရင် အလိုတော်ပြည့်ဘုရားမှာ ရောင်းတာ၊ တစ်ရက်ကို ငွေကျပ် (၂) သိန်းဖိုး လောက် ရောင်းရတယ်၊ အခု ကိုဗစ်-၁၉ ကြောင့် ဘုရားဖူးဧည့်သည် မလာတော့ မရောင်းရဘူးလေ၊ ဒါနဲ့ မြို့ပေါ်လှည့်လည်ပြီး ရောင်းနေတာ၊ ကျမတို့ရောင်းတာကလည်း ပုဂံရောက် အမှတ်တရ အင်္ကျီ၊ လုံချည်၊ ဦးထုပ် စသည်ဖြင့် ရောင်းတာဆိုတော့ ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား ဧည့်သည်တွေဘဲ အများဆုံး ရောင်းရတာ၊ ဒေသခံတွေလည်း ရောင်းတော့ရောင်းရပါတယ်၊ အခုဆိုရင် တစ်ရက် ငွေကျပ် ငါးသောင်းဖိုး လောက်တော့ ရောင်းရပါတယ်” ဟု ပုဂံရောက် အမှတ်တရပစ္စည်းများ ရောင်းချသူ မဝိုင်းဝိုင်းက ပြောပြသည်။
စိန်တစ်လုံးသရက်သီးများ ကားဖြင့် လှည့်လည်ရောင်းချသည့် ဒေါ်အေးရီက “ယခင်နှစ်ကလည်း ဒီမဏိစည်သူဈေးအနီးမှာဘဲ အမြဲရောင်းချဖြစ်တာပါ၊ ကျမတို့က အောင်မြေသာရပ်ကွက်မှာ ကိုယ်ပိုင်ခြံ နဲ့ စိန်တစ်လုံးသရက်ကို စိုက်ပျိုးတာ၊ ပိုးကိုက်၊ ရှဉ့်ကိုက်၊ ငှက်ကိုက် နဲ့ ဆိုတော့ အလေအလွှင့်တော ရှိတယ်၊ အလုပ်သမားခလည်း ရှိတယ်လေ၊ တစ်ရက်ကို ခုနှစ်သောင်း ရှစ်သောင်းဖိုးလောက် ရောင်းရ တယ်၊ အဆင်ပြေပါတယ်” ဟု ပြောပြသည်။
အရင်က Mobile စနစ်ဖြင့် လှည့်လည်ရောင်းချတာ ရေခဲ့မုန့်ဆိုင်၊ ထီဆိုင်တွေလောက်ပဲ ရှိတာ၊ အခုကတော့ အဝတ်အထည်တွေ၊ စားသောက်ကုန်တွေ၊ အသီးအနှံတွေ၊ စိုက်ပျိုးဖို့အတွက် ပျိုးပင်တွေ၊ စသည်ဖြင့် လှည့်လည်ရောင်းချနေသည့် Mobile ဆိုင်များကို များစွာတွေ့မြင်နေရကြောင်း ဒေသခံတစ်ဉီး ဖြစ်သူ ဦးစန်းနိုင်ထံမှ သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)


