တံတားဦး ၃၀ မေ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဟံသာဝတီကျေးရွာတွင် ကြိုးချိတ်လုံချည် ရက်လုပ်ခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။ လွန်းရာကျော်ကြိုးကြီးချိတ်လုံချည်ကို မြန်မာသာမက ကမ္ဘာကပါ အံဩရအောင် ချီးမွမ်းခြင်းခံရသည့် ကြိုးချိတ်လုံချည်ကို မြန်မာလူမျိုးများသာ ရက်လုပ်နိုင်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အခြားတိုင်းပြည် အခြားလူမျိုး မတုပနိုင်သော လွန်းရာကျော်ကြိုးကြီးချိတ်ဆိုသည်မှာ လွန်းပေါင်းရာကျော်ဖြင့် ကြိုးပုံသဏ္ဍာန်များပေါ်အောင် ချိတ်နည်းဖြင့် ရက်လုပ်ထားသော အထည်ဖြစ်သည်။

 

လွန်းရာကျော်ကြိုးကြီးချိတ် ရက်လုပ်ရန်အတွက် အဓိကကုန်ကြမ်းချည်ကို အမရပူရမြို့တွင် သွားရောက်ဝယ်ယူ ရပါကြောင်း ဝယ်ယူပြီးချည်များကို မိမိနေတွင် ပိုးနှင့်အရောင်ကာလာကို ပြုတ်ဆိုး ရပါကြောင်း ပြုတ်ဆိုးပြီး ပိုးချည်များကို တစ်မျှင်ခြင်းရှင်းလင်းရပြီး ဆယ်မျှင်ပေါင်းရပါကြောင်း ထိုဆယ်မျှင်ပေါင်းပြီးမှ ရရှိလာသည်မှာ ချည်တစ်ပင်ရပါကြောင်း ထိုချည်ပင်များကို ရက်လုပ်ရန် ရက်ဖောက်အတွင်းထည့်ပြီး၍ လွန်းထဲကိုတက်ရကာ ဒီဇိုင်းနုတ်စာရွက်ကိုကြည့်ပြီး အထည်ကို စတင်ရက်လုပ်ရသည်။ ကြိုးကြီးချိတ်လုံချည် တစ်ကွင်းရရှိရန် အချိန်အားဖြင့် နှစ်လနီးပါးကြာသည်အထိ ရက်လုပ်ရကြောင်း အလုပ်သမားတစ်ယောက်မှာ တစ်နေ့ကို တစ်လက်မကျော်သာပြီးသည့်အတွက် ယခုလိုရက်ကြာရှည်ခြင်းဖြစ်ကြောင်း ရွှေမမ-ပိုးထည်တိုက်ပိုင်ရှင် ဦးသန်းဝင်းက ပြောကြားသည်။

 

လုံချည်ရက်လုပ်ရာတွင် လွန်းပေါ်မူတည်ပါကြောင်း လွန်းများမှာ လွန်း(၁၀၀)မှ (၃၀၀)ထိရှိသည်။ အလုပ်သမားတစ်ယောက် လုံချည်တစ်ကွင်းရက်လုပ်ခကို (၁)သိန်း(၈)သောင်းကျပ်ပေးချေရပြီး ရက်လုပ်ပြီး လုံချည်တစ်ထည်ကို ပြန်ရောင်းလျှင် အနည်းဆုံး ငေွကျပ်(၅)သိန်းကျော်ရရှိကြောင်းကို ၎င်းကဆက်လက် ပြောကြားသည်။

 

လွန်းရာကျော်ကြိုးကြီးချိတ် အထည်များကို နိုင်ငံတော်အကြီးအကဲများ၊ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများက ဘုရားပွဲ၊ ကျောင်းပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲတို့တွင် ပွဲတက်ဝတ်စုံအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်ကြသည်။ ယနေ့အချိန်တွင် ရက်လုပ်သည့်ပညာကို လက်ဆင့်ကမ်း ပညာအမွေပေးရန် မျိုးဆက်သစ်များ ရှားပါးလာသည်။ လွန်းရာကျော်ကြိုးကြီးချိတ် ရက်လုပ်ခြင်းပညာ တိမ်ကောပျောက်ကွယ် မသွားရန် ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်ကြောင်း သိရှိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)