ပွင့်ဖြူ  ၃၀ မေ     

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံ ငွေဖြင့် ပွင့်ဖြူမြို့၊ ဗိုလ်ချုပ်လမ်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် အရှည်ပေ ၁၄၀ဝ အုတ်ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းကို မေ ၂၅ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့၊ ဗိုလ်ချုပ်လမ်းသည် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ မြို့တွင်းသွားလာရာ၌ အဓိက သွားလာ အသုံးပြုရသည့် လမ်းတစ်လမ်းဖြစ်ကာ  မိုးရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုများ မဖြစ်စေရေး မိုးတွင်းကာလ ရေစီး ရေလာကောင်းမွန်စေရေးအတွက် ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဌာနခွင့်ပြု ရန်ပုံငွေကျပ် သိန်း ၂၅၀ ဖြင့် လမ်းအရှည်ပေ ၁၄၀ဝ အား အကျယ် ၃ ပေ ၆ လက်မ ၊ အနက် ၁ ပေခွဲရှိ အုတ်ရိုးစီ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦး က ဦးဆောင်ကြီးကြပ်၍ မေ ၂၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိတွင် ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဗိုလ်ချုပ်လမ်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်ရိုးစီရေနုတ်မြောင်း တူးဖော်ဆောင်ရွက်ပြီးစီမှု အခြေအနေအား ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဆက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ  ဦးဇော်မင်းဦးက ရေနုတ်မြောင်းနှင့် ပက်သက်ပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေအား လိုက်လံရှင်းလင်း ပြသခဲ့သည်။

 

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တွင်းသန့်ရှင်း သာယာလှပရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဌာနခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၊ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၃၆၅ ဒသမ ၇၁ သန်းဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၂၁ ခု အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်း (လက်ထောက်ညွှန်ကြားရေးမှူး) ထံမှ သိရသည်။   

ရဲဝင်းနိုင် (ညောင်ဦး)