နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၃၀) ရက်နေ့
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မန္တလေးတိုင်းဒေသကြီးရှိ "ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန" ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဌာနခွဲအဖြစ် (၁၉၆၉) ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ကာ ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါစသည့် ဗိုင်းရပ်စ်ရောဂါများအား စစ်ဆေးခြင်း၊ ဘက်တီးရီးယားပိုးမွေးမြူခြင်းနှင့် ဆေးယဉ်ပါးမှု ဓာတ်ခွဲစစ်ဆေးခြင်းများကို ယခင်ကတည်းက ပြုလုပ်ဆောင်ရွက်လျက် ရှိပါသည်။ ဓာတ်ခွဲစစ်ဆေးမှုများ၏ အရည်အသွေးမှန်ကန် ကောင်းမွန်မှုများအတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ Quality Control Program များတွင်ပါဝင်၍ စစ်ဆေးဆောင်ရွက်ထားရှိခဲ့ပါသည်။
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင် COVID-19 ဓာတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၌ သင်တန်းများ ရယူခဲ့ပါသည်။ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရနှင့် မန္တလေးမြို့၊ မြို့ပြဖွံ့ဖြိုးရေး ရန်ပုံငွေရှာဖွေရေးကော်မတီတို့မှ မော်လီကျူလာနည်းပညာဖြင့် စစ်ဆေးနိုင်ရန် ထောက်ပံ့လှူဒါန်းထားသော စက်ပစ္စည်း ကိရိယာများနှင့် ဓာတ်ခွဲဆေးပစ္စည်းများကို အသုံးပြု၍ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) ၌ ဓာတ်ခွဲစစ်ဆေးမှု စာတွေ့နှင့် လက်တွေ့သင်တန်းပို့ချခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်မှုများတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) မှလည်း နည်းပညာပိုင်းဆိုင်ရာနှင့် စက်ပစ္စည်းနှင့် ဓာတ်ခွဲပစ္စည်းများ ဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင် ထို့သို့ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် Control Sample များကို COVID-19 ဓာတ်ခွဲစစ်ဆေးမှုအတွက် မှန်ကန်တိကျမှုအရှိဆုံး (Gold Standard) ဟု သတ်မှတ်ထားသည် Real time RT-PCR နည်းပညာဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အဖြေမှန်ကန်တိကျမှု (၁၀ဝ) ရာခိုင်နှုန်း ရှိပါသည်။ ထို့ကြောင့် (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့မှ စတင်၍ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) ၌ အထက်မြန်မာပြည်မှ ဓာတ်ခွဲနမူနာများအား Real time RT-PCR နည်းပညာဖြင့် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ စတင်ပြုလုပ်သွားမည် ဖြစ်ပါသည်။
နောက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် စစ်ဆေးပေးနိုင်သော ဓာတ်ခွဲခန်းအဖြစ် အထက်မြန်မာပြည်တွင် တည်ရှိသွားမည် ဖြစ်ပါသည်။
#MoHS, #COVID19, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲ
Credit#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

