လှိုင်းဘွဲ ၃၀ မေ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထန်းတပင်ကျေးရွာအုပ်စု၊ ကွီးကျယ်ကျေးရွာတွင် ကျေးရွာချင်းဆက်လျက်ရှိသော အခြားကျေးရွာများသို့ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) ရန်ပုံငွေနှင့် ကျေးရွာပြည်သူတို့ ပူးပေါင်း၍ ထိန်လင်းသာယာ ကြိုးတံတားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး မေလဒုတိယပတ်တွင် ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောအောင်မျိုးမြင့် ထံမှ သိရှိရသည်။
အဆိုပါကြိုးတံတားကို လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) ရန်ပုံငွေ ကျပ် (၃၉၅)သိန်းဖြင့် တံတားအရှည် (၂၀ဝ)ပေ၊ အကျယ်(၅)ပေဖြင့် ဖြတ်သန်းသွားလာနိုင်ပြီး ကွီးကျယ်၊ အထက်မဲသဘူး၊ အောက်သဘူး၊ ကျိပလီး၊ အထက်မဲပရ၊ အောက်ပရ၊ ကျော်ကေးခိုး၊ ကော့ထရယ်၊ ထန်းတပင်၊ ယာခိဘောင်၊ ထီးဖိုးခီး ကျေးရွာများအတွက် အကျိုးပြုမည် ဖြစ်သည်။
အဆိုပါ ကွီးကျယ်ချောင်းသည် မိုးရာသီတွင် ရေစီးသန်သောကြောင့် ကျေးရွာပြည်သူများ ဖြတ်သန်းသွားလာရေး အခက်အခဲများ နှစ်စဉ်ကြုံတွေ့နေရပြီး အထူးသဖြင့် ကျောင်းသား/ကျောင်းသူများ၊ ကျန်းမာရေးဝန်ထမ်းများ အဆင်မပြေကြောင်း၊ ယခုကြိုးတံတား ပြီးစီးသွားသဖြင့် ပြည်သူများ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


