ရန်ကုန် ၃၀ မေ

 

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် အစိုးရအဖွဲ့ရုံး၊ ခန်းမ(၃)၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်မှ အစိုးရရုံးဌာနများ၊ ကျောင်းများပြန်ဖွင့်သည့်အခါ လွယ်ကူစွာသွားလာနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်အညီ စာသင်ကြားနိုင်ရန် ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအတွက် ကွာရန်တင်းစင်တာများကို စနစ်တကျ စီစဉ်ဆောင်ရွက်ရေး ကိစ္စများနှင့် ဖြေလျှော့ရန်ရှိသည့် လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏   ညွှန်ကြားချက်များနှင့်အညီ ဖြေလျှော့နိုင်ရေးအတွက် ဆောင်ရွက်ထားရှိရန်တို့ကို ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြရာ ဝန်ကြီးချုပ်မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)