တောင်ကြီး ၃၀ မေ 


အိမ်ခြံဥယျာဥ် (Home Garden) အဖြစ် ဖြန့်ဝေပေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စီစဥ်ဆောင်ရွက်ထားသည့် ဟင်းသီးဟင်းရွက်ပျိုးပင်များ၊ မျိုးစေ့ထုတ်များ၊ မြေဩဇာထုတ်များနှင့် စိုက်ပျိုးနည်းပညာ လက်ကမ်းစာစောင်များအား တောင်ကြီးမြို့နယ် အေးသာယာမြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ယင်းသို့ဖြန့်ဝေပေးအပ်ရာသို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ အရာထမ်းအမှုထမ်းများက အေးသာယာမြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်မှ ဒေသခံပြည်သူများအား အိမ်ခြံဥယျာဥ် (Home Gardening) အဖြစ် စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်ပျိုးပင် (၅၀၀)၊ ချဥ်ပေါင်၊ ကန်စွန်း၊ နံနံ၊ ရုံးပတီ၊ သခွား၊ ကိုက်လံ၊ ဟင်းနုနွယ်၊ ဖရုံ၊ ဘူး စသည့် ဟင်းသီးဟင်းရွက် မျိုးစေ့ထုတ်ပေါင်း (၁၅၃၄၂)ထုတ်နှင့် အိမ်ခြံဥယာဥ် စိုက်ပျိုးရာတွင် အသုံးပြုသင့်သည့် မြေဩဇာထုတ်ပေါင်း (၅၆၄၆)ထုတ်၊ စိုက်ပျိုးနည်းပညာပေး လက်ကမ်းစာစောင်များအား ယနေ့ နံနက် ၉ နာရီတွင် အဖွဲ့ (၅)ဖွဲ့ဖြင့် အေးသာယာမြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်သို့ သွားရောက်၍ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။


အလားတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့် ဇွန် ၄ ရက်နှင့် ၆ ရက်တို့တွင် ရွှေညောင်မြို့နှင့် စဥ်ဟယ်ကျေးရွာနေပြည်သူများအား အိမ်ခြံဥယျာဥ်စိုက်ပျိုးနိုင်ရန် ဟင်းသီးဟင်းရွက်ပျိုးပင်၊ မျိုးစေ့များနှင့် စိုက်ပျိုးနည်းပညာပေး လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေရန် စီစဥ်ထားကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


စိုးညွန့်ရွှေ (ပြန်/ဆက်)