ရေနံချောင်း ၃၀ မေ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးနှင့် ရတနာဈေးတို့အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် လူစုလူဝေးမဖြစ်ပွားစေရန် ယာယီပိတ်ထားခဲ့ရာ မေ ၃၀ ရက် နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်၍ ဝယ်ယူရောင်းချခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းဝယ်ခွင့်ပြုရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကျန်းမာရေးလမ်းညွှန်ချက်များပါဝင်သည့် စည်းကမ်းချက်(၁၄)ချက် သတ်မှတ်ထားပြီး စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်ကြရမှာဖြစ်ကြောင်း၊ စည်ကမ်းမလိုက်နာပါက ပထမအကြိမ်တွင် ၃ ရက်၊ ဒုတိယအကြိမ်တွင် ၁၀ ရက် ဈေးရောင်းခွင့်ပိတ်မည်ဖြစ်ပြီး တတိယအကြိမ်တွင် ရက်အကန့်အသတ်မရှိ ဈေးရောင်းချခွင့် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။
ထို့ပြင် ရေနံချောင်းမြို့ ရွှေဘုံသာပြည်သူ့အားကစားကွင်းတွင် ရောင်းချနေသည့် ယာယီပျံကျဈေးသည်များအား မြို့မဈေးပတ်လည်ရှိ လမ်းများတွင် နေရာများစနစ်တကျ သတ်မှတ်ပြီးပါက ဇွန်လဆန်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုစိုးကြီး (ပြန်/ဆက်)


